·
အလင်းရောင်သည် နွေးထွေးမှုတို့ ပျောက်ဆုံးလွန်းသည်။
ကိုယ့်ကိုယ် ပြန်မြင်မိခြင်းသည် ဘ၀ရဲ့ အရှုံးဆုံး အမှန်တရားဟု မှတ်ယူလိုက်ရမည်ဟု ထင်မိသည်။
တန်ဖိုးထားမိသော အရာတို့တွင်ပင် မတူညီ လွဲချော်နေမှ
ဘ၀တစ်ခုလုံးစာ လွဲချော်လိုက်ရသည့် အပေါ် သိပ်ပြီး ၀မ်းမနည်းတော့ ။
အလင်းရောင်တို့တွင် အစိမ်းဓါတ်ရှိကောင်းရှိမည်။ မသေချာ။
သို့သော်ပျာက်ဆုံးနေသော အလင်းအမှောင် တို့တွင် အစိမ်းဓါတ် ရှိကောင်းရှိလိမ့်မည်။
မသေချာမှုတို့ပင် မသေချာလှ။ ကြယ်တွေလည်း ကြွေချင်လာတဲ့အခါ ကြွေပါလိမ့်မည်။
တစ်ယောက်ကို တစ်ယောက်မြင်တွေ့ရဖို့ဆိုသည်မှာ တစ်ယောက်ယောက် ကြွေ ကျမိသော အခါ တွင်ဖြစ်ကောင်းဖြစ်လာနိုင်လိမ့်မည်။
သို့သော် သိပ်မသေချာလှ။ ကိန်းဂဏန်းတို့ နှင့်အတူ အသက်မဲ့သော အသံတစ်စုံမှာ ပြတ်တောက်သွားခဲ့သည်။
ချစ်ခြင်းမေတ္တာသည် မနေ့ညက ဖြတ်သန်းသွားသော အဝေးပြေးလမ်းမပေါ်ရဲ့ လေအစုန် နှင့် တူသလိုလိုထင်ရသည်။
သို့သော်မသေချာလှ။ မျှော်လင့်ထားသလို မိုးလည်းမရွာ
မတိတ်ဆိတ်သော်လည်း စကားလုံးတို့သည်ပင်လျှင် ခြောက်ကပ်လွန်းလှသည်။
ကြယ်တွေလည်း ကြွေ ချင်လာတဲ့ အခါ ကြွေလာပါလိမ့်မည်။ မသေချာလှ။
ငေးမောကြည့်ရုံဆိုလျှင် ကြွေ ကျ ရန်ပင် သိပ်မလိုအပ် တစ်ယောက်ကို တစ်ယောက် မြင်တွေ့နိုင်ဖို့ဆိုသည်မှာ
တစ်ယောက်ယောက် ကြွေ ကျ မိသောအခါတွင် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
ကိုယ်ကပင် ပိုသေချာလွန်းနေသည်။ ထိုနေ့ညက ကောင်းကင်သည် အမိုးအကာမဲ့ဖြစ်နေသည်။
ဆက်သွယ်မှုတို့သည် အမိုးအကာမဲ့ဖြစ်နေသည်။ စိတ်ပိုင်းဆိုင်ရာ နာကျင် မှုတို့သည် အမိုးအကာမဲ့ဖြစ်နေသည်။
အဝေးပြေးလမ်းမကြီးဟုပင် မထင်မှတ်မိ။ ခဏခဏ ပြုံးဖြစ်သည်။ စက္ကန့်တစ်ခုစာ ငိုင်သွားမိသည်။
စိတ်တွင်း တုံ့ပြန်မှု ဘေးထွက် ဆိုးကျိုးတို့သည် အချိန်ကာလ ကြာမြှင့်မှုနှင် သိပ်မဆိုင်လှ။
မလိုအပ်တဲ့အရာတွေအတွက် မလိုအပ်တာတွေ ဖန်တီးမိသောအခါတွင် မမျှော်လင့်သောအရာတို့အား လက်ခံပြီးသားဖြစ်နေသည်။
သူမသည် ကြယ်ကလေး တစ်ပွင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ကြယ်ကလေးတစ်ပွင့်ဖြစ်သည်။
ပျော်ရွှင်မှုသည် ကြယ်ကလေးတစ်ပွင့်ဖြစ်သည်။ ငေးမော ကြည့်ရုံဆိုလျှင် ကြွေ ကျ လာ ဖို့ သိပ်မလိုအပ်။
လက်ဖ၀ါးတို့သည် ဖမ်းဆုပ်ရန်အတွက် မဟုတ်သည်မှာ ပို၍ ပို၍ သေချာလာခဲ့သည်။
လက်ဖ၀ါးတို့သည် မျက်လုံးများ အေးစက်လွန်းလာသည့်အခါ ပွတ်သပ်လိုက်ရမည့် စကားလုံးသက်သက်တို့ အတွက်ဖြစ်နေသည်။
ထိုနေ့ညက ကောင်းကင်သည် အမိုးအကာမဲ့ဖြစ်နေသည်။ ဆက်သွယ်မှုတို့သည် အမိုးအကာမဲ့ဖြစ်နေသည်။
စိတ်ပိုင်းဆိုင်ရာ နာကျင် မှုတို့သည် အမိုးအကာမဲ့ဖြစ်နေသည်။
သတိရစိတ်တို့ပင်လျှင် အမိုးအကာမဲ့ ဖြစ်နေသည်။ လမ်းတွေပေါ် ကိုယ့်ကိုယ်ကိုယ် ခင်းကျင်းထားမိသည်။
တစ်စုံတစ်ခုအတွက် ဟုလည်း ဆိုနိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် ခင်းကျင်းထားခြင်းသည် ချစ်ခြင်းမေတ္တာဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။
သို့သော်သိပ်မသေချာ။ အဓိပယ်ဖွင့်ဆိုခြင်းတို့သည်ပင်လျှင် ငြင်းပယ်မရနိုင်သော အရှုံးတို့ဖြစ်လာခဲ့သည်။
ထိုနေ့ညက ကောင်းကင်သည် အမိုးအကာမဲ့ဖြစ်နေသည်။

ဆက်သွယ်မှုတို့သည် ခဏခဏ ပြုတ်ကျသည်။ ဖြတ်တောက်ခံရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အမိုးအကာမဲ့ခြင်းနှင့် သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မည်။ ရှာဖွေရန် သိပ်မလိုအပ် ။
ရှိမနေသောအရာများကို ရှာဖွေနေခြင်းကပင် သူမအပေါ်ထားမိသော မျှော်လင့်ချက် ဖြစ်နေသည်။
သူမသည် ကြယ်ကလေးတစ်ပွင့် ဖြစ်သည်။ ငေးမောရုံသက်သက် ဆိုလျှင် ကြွေ ကျ လာရန် မလိုအပ်။
ဆက်သွယ်မှုလှိုင်းများ တပ်ဆင်ထားသော ဖုန်းဧ။် မျက်နာပြင်ပေါ်ရှိ ကိန်းဂဏန်းတို့သည်
အသက်ရှင်သန်မှုနှင့် နှလုံးခုန်သံတို့အား ထိန်းချုပ်မှုတို့ လွန်းကဲလွန်းသည်။
ပုံမှန်အနေအထားဟုဆိုရမည့်အရာတွေပင်လျှင် ပုံမှန်မရှိ။
နာကျင်ဝမ်းနည်းမှုတို့သည် ဖုန်းမျက်နာပြင်က ကိန်းဂဏန်းတို့အား ဖိနှိပ်နေမိခြင်းပင်ဖြစ်တော့သည်။
ဘေးသို့ တွန်းပို့ခံရသော ကိန်းဂဏန်းတို့မှာ ကိုယ့် နှလုံးခုန်သံတို့ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း
ကိုယ်က အမှတ်သည်းခြေနည်းလွန်းသည်။ ကိန်းဂဏန်းတို့သည် ကိုယ့်ရင်ကိုပြန် ဖိနှိပ်လာခဲ့သည်။
သူမ အတွက်မှာမှု အရေးသိပ်မကြီးလှသော အကြောင်းအရာတစ်ခုဖြစ်သည်။
စာလုံးပေါင်းစစ်ရန်မလိုပဲ ဖြုချခဲ့သော အက္ခရာတစ်ခုလောက်ပင် အရေးမကြီးလှ
နာကျင်ဝမ်းနည်းမှုတို့သည် သူမ ဖတ်ဖြစ်မည် မဟုတ်သော ကဗျာတစ်ပုဒ်ဖြစ်နေခဲ့ရသည်။
အလင်းအမှောင်တို့တွင် အစိမ်းဓါတ်ရှိကောင်းရှိမည်။ဒီထက်လည်း ပိုချင်ပိုနိုင်သည်။ ထိုညက ကြယ်တွေကို ငေးမောကြည့်မိသည်။
အချိန်တွေ မရေတွက်မိ။ ရေတွက်စရာဟု၍ နာကျင်ဝမ်းနည်းမှုတွေသာ ရှိနေသောကြောင့်လည်း ဖြစ်နိုင်သည်။
နာကျင်ဝမ်းနည်းမှုတို့၌ပင် အစိမ်းဓါတ်တို့ ရှိကောင်းရှိလိမ့်မည်။
အမိုးအကာမဲ့ဖြစ်နေခဲ့သောညတစ်ခုတွင် ကြယ်တွေကို ငေးမော ကြည့်ဖြစ်သည် ကြွေ ကျလာခဲ့သော အရာတစ်ခုမှ မရှိခဲ့။
ငေးမောကြည့်ရုံသက်သက် ဆိုလျှင် ကြွေ ကျ ရန် မလိုအပ်။ လူသားမဆန်မှုတွေသာ ဘ၀အတွက် လိုအပ်ကောင်းလိုအပ်တော့မည်။ နာကျင်ဝမ်းနည်းမှုတို့နှင့်အတူ မြစ်တွေ ငေးကြည့်ချင်စိတ်တို့ပင် အလိုအလျောက်ရောက်ရှိလာခဲ့သည်။
င၀န်ကို လွမ်းမိသည် ပင်လယ်ကို တမ်းတမိသည်။သူမ ကို မှု..........။ ပြောပြ၍မရသော ပြောပြရန် မလိုအပ်သော စကားလုံးတို့သည်
သူမ ဖတ်ဖြစ်မည်မဟုတ်သော စာမျက်နာတစ်ခုတွင် ရှိကောင်းရှိနေလိမ့်မည်။ ထိုစာမျက်နာပေါ်က ဘ၀တစ်ခုဖြစ်ကောင်းဖြစ်နေနိုင်သည်။မသေချာလှ
မသေချာမှုတို့ပင်လျှင် သေချာလိမ့်မည်မဟုတ်ပါ။
သူမသည် ကြယ်ကလေး တစ်ပွင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ကြယ်ကလေးတစ်ပွင့်သည်။
ပျော်ရွှင်မှုဆိုတာ လွတ်လွတ်လပ်လပ် ငေးကြည့်ခွင့်ရတဲ့ ကြယ်ကလေးတစ်ပွင့် ဖြစ်စေချင်သည်။
သူမထံက ရရှိခဲ့သော ပျော်ရွှင်မှုသည် ဆီချက်တစ်ပွဲနှင့် ကော်ဖီတစ်ခွက် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်မသေချာလှ
မနက်ဖြန်ရှိနေသ၍ မြစ်တွေလည်း စီးဆင်းကောင်းစီးဆင်းနေလိမ့်မည်။
.......................................................................................
အသက်မဲ့သော အသက်ရူသံတို့နှင့်အတူတစ်ခုခုကို ဆက်လက် တည်ဆောက်နေရဦးမည်။ သို့သော် မသေချာ။
မှူးသစ်
DEC, 5, 2012 ______AM 1:38

No comments:
Post a Comment