by Lululattyar Yar on Wednesday, October 17, 2012 at 3:09pm ·
ဆူးကြိုးကြားထဲ တန်းဝင်လာတဲ့ မိုးစက်
မြွေမှန်ရင် တွင်းဝင်ဖြောင့်ရမယ်ဆိုတာ သူနဲ့ မဆိုင်
ကျွန်တော်တို့ ကလည်း မကွေ့ ရမနေနိုင် မကောက်ရမနေနိုင်တဲ့ကောင်တွေ
ဟိုလူ့ ကဗျာထဲကလို
“ညီမလေးရေ…......” လို့ ခေါ်ချင်တယ်…...ဒါပေမဲ့ မရှိ
ညကျရင် ဖားတွေအော်တယ် မြွေတွေထွက်တယ်
ပုစဉ်းတွေ ရင်ကွဲကြတယ်
ဂစ်တာကြိုးကလည်း အဲဒီအချိန်ကျရင် ပြတ်တာပဲ
သောက်ရေအိုးစင်ကလည်း အဲဒီအချိန်ကျရင် ပြန်ရေငတ်တာပဲ
သူတို့ ကလည်း အဲဒီအချိန်ရောက်ရင် ဒေါ်ရိတ်ကြီးထလုပ်တော့တာပဲ
မြေနီလမ်းဟာ လရောင်တစ်ချက်ပျက်အကျမှာ
ရှက်သွေးအခါခါ ဖြန်းပါတယ်
မနက်ဖြန်ဆိုတာ ဘယ်သူမှ မတွေးမိဘူး
အနာဂတ်ကို တွင်းနက်လို ပြူတင်းဝက စုပ်ယူထားလိုက်
ရင်ခေါင်းထဲက ကလိုင်ပေါက်မှာ ရိပ်ဖမ်းသံဖမ်းတွေ့ လိုက်နဲ့ 
သိပ်မကြာခင်မှာ ကိုလွှမ်းမိုးက ဆိုင်ကယ်ကြီးနဲ့  ရောက်လာ
သိပ်မကြာခင်မှာ ကိုရဲလွင်ကြီးက ခရမ်းပြာထဲ ထပေါက်ကွဲ
သိပ်မကြာခင်မှာ ကြယ်တာရာတွေဟာ ဂြိုဟ်ကြီးကိုးလုံးမကတော့ပါဘူး
အင်းလျားကန်ရဲ့ရေဟာ အသေပါ
သူ့ ကိုစပြီး မန်းမှုတ်အသက်သွင်းပါတယ်
ဗန်းမော်တင်အောင် ကြားဖူးတယ် ဒဂုန်တာရာ ကြားဖူးတယ်
မောင်စိန်ဝင်း (ပုတီးကုန်း)လောက် စိတ်မ၀င်စားပါဘူး
ဆယ်ပြားစေ့ပေါ်က ဗိုလ်ချုပ်အောင်ဆန်းလိုလည်း
လက်မနဲ့ အသာဖိ ပွတ်မကြည့်ဖူးပါဘူး
RC2 ကိုစီထားတဲ့ အုတ်တွေနဲ့  RC2 က စီပေးလိုက်တဲ့ အုတ်တွေ
အန်(န်)ဂျီအိုလည်း မရှိ အင်စတီကျူးရှင်းဆိုတာလည်း မသိ
အမြုံဓာတ်တွေနဲ့  ရက်ဖောက်အုံဖွဲ့ ခဲ့ကြရုံလောက်
ဂျပ်ဆင်ကို အနောက်ကနေ ဖြတ်ရတာ ပိုကြိုက်တယ်
တောင်ငူဆောင်ကိုလည်း အနောက်ကနေ လျှောက်ရတာ ပိုကြိုက်တယ်
ဦးချစ်ဆိုင်ကိုလည်း အနောက်ကနေ ၀င်ရတာ ပိုကြိုက်ပါတယ်
အဲ့တုန်းက စစ်ကိုင်းလမ်းနဲ့ 
မှောင်သောညတွေပြီးရင် တွေ့ မယ် ငြိမ်းချမ်းသောကမ္ဘာကြီးပေါ့
စံရိပ်ငြိမ်ထဲက ထမင်းဆိုင်တွေ လှည်းတန်းဈေးရှေ့ ရောက်တော့
ကောက်ညှင်းကျည်တောက်ထဲက ကောက်ညှင်းတွေလို
လူတွေ လူတွေ ရင်ဘတ်ထဲ အပြည့်အသိပ်လှောင်ပိတ်
နှမ်းတစ်စေ့နဲ့  ဆီဖြစ်ခဲ့ဖူးတဲ့ ဘ၀ကို ခင်ဗျားရဖူးပါသလား
(လက်ဖျားခါတယ်…)
ဆီထဲမှာ ခုတော့…………….. နှမ်းတွေ တနင့်နင့်…….....
မြွေတစ်ကောင်ဟာ ဆူးကြိုးကြားထဲ တန်းဝင်လာတဲ့မိုးစက်ကို…
တွင်းဝကနေကြည့်နေရဲ့…
“ညီမလေးရေ…..” လို့ ခေါ်ချင်တယ်…
ဒါပေမဲ့ မရှိ……..။ ။
လူလူလက်ျာ
(ရေကူးသင်နေတဲ့မြစ်ကဗျာစုမှ)
No comments:
Post a Comment