ဘ၀ မှာ ဘာ မှ မရှိတော့တဲ့အခါ ဘ၀ မှာ ဘာ မှ မရှိတော့ဘူး
တစ်ခုခုကို ဖြေချလိုက်သလို လိုအပ်သမျှ အရာတွေအားလုံး စွှန့်လွှတ်လိုက်မိပြီ
ကြယ်တွေကို ငေးကြည့်မယ် သီးချင်းတွေ နားထောင်ကြည့်မယ်
ကော်ဖီတွေ ဖျော်မယ် စီးကရက်တွေ မီးညှိမယ် ၊ ၀ီစကီ ၂ ပတ်ခွက်ထဲကို ရေခဲတုံးလေး ပစ်ထည့်ကြည့်မယ်
လမ်းတွေလျှောက်ကြည့်မယ် ပလက်ဖေါင်းတွေ ငေးကြည့်မယ် ဘစ်ကားတွေ တိုးစီးမယ်
ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ခံစားမှုတွေလဲ ဖြစ်ရိုးဖြစ်စဉ် နေ့ရက်၊ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက်တွေထဲ ချိုးခေါက်ထည့်မိ
လက်ဖ၀ါးတွေ ဆုပ်လိုက်ဖြေလိုက် ရှင်သန်မှုဟာ ဘယ်လို အလေ့အထ ဘယ်လို အလေ့အကျင့် များလဲ
ရင်ဘတ်တွေ တုန်နေတယ်၊ ဘာဆိုဘာမျှ ဖွင့်ဟမကြည့်ရဲတော့တဲ့ ကြောက်ရွံ့မှုတွေ စိတ်ကိုလာကိုက်ခဲလွန်း
အဆုံးသတ်ကြည့်ဖို့ တစ်ခုခုများ လိုနေမလား
အများကြီး မလိုတော့ဘူး ခပ်နည်းနည်းလေးကျန်တာတွေကို မေ့လျော့ ထားရမယ်
မရှိတာတွေပျောက်ကုန်တယ် ပျောက်သွားတဲ့ အရာတွေကိုပဲ တစ်လောကလုံးမသိအောင်
တစ်ကိုယ်တည်း ကြိတ်ပြီး ဖွက်ထားရ
ပုံမှန်အခြေအနေပဲ ဘာမှမဖြစ်ဘူး ရုပ်ပိုင်းဆိုင်ရာ စူးစမ်းကြည့်ခံရမှာကို ကြောက်နေတဲ့ ဆိုက်ကိုက လွဲလို့
လွယ်နေကြ အိတ်ကလေးထဲမှာ သောက်ဆေးကဒ်ကလေးတွေ ထည့်ထားဖြစ်တယ်
အဲ့ဒီနည်းနဲ့ ပဲကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သယ်ဆောင်နေရ
နေ့နဲ့ညဟာ အလင်းအမှောင်ကွဲပြားမှုတို့ ဘာတစ်ခုမှ မရှိပဲ ရွေ့လျားနေကြတယ်
နေ့စွဲတွေကို အမှန်တိုင်း တပ်ထားရလောက်အောင်လဲ အမှတ်တရတွေ ဘာတစ်ခုမှမရှိဘူး
ကိုယ် ကြောင်နေသလား ခန္ဒာကိုယ်မှာ တိုင်းမရတဲ့ အအေးဓါတ်တွေကို တစ်စုံတစ်ခုက ၀င်စွက်ဖက်တာခံနေရ
မငိုတတ်ဘူး အလိုအလျောက် ဖိကြိတ်မိတဲ့ အံ့သွား လက်ဖ၀ါးတွေ ဖြေလျော့ချပစ်တယ်
ခဏခဏ မှားဖြစ်တယ် စကားတစ်ခွန်းထက် ပိုပြီး ကျွံထွက်သွားတဲ့ စိတ်ခံစားမှုတွေ က
keyboard တွေပေါ် အလိုအလျောက် လျှောက်သွား မသိမသာလေးပဲ မေ့ထားဖြစ်တယ်
ဘ၀ မှာ ဘာ မှ မရှိတော့တဲ့အခါ ဘ၀ မှာ ဘာ မှ မရှိတော့ဘူး
မှူးသစ်
No comments:
Post a Comment