Monday, October 29, 2012

အစိတ်အပိုင်း အချို့


 “အစိတ်..အပိုင်း..အချို့..”

မြို့ပြရဲ့ နွေးထွေးမှုတွေဟာ လမ်းဘေး ဘုံဆိုင်ထဲ
ချောင်ကျကျ စားပွဲပေါ်က အဖြူရောင် အရက်တစ်ပိုင်းလို ခါးသက်နေတယ်။
ရည်ရွယ်ချက်တွေကို…..
မနေ့တစ်နေ့ကလိုပဲ ခပ်ကြာင်ကြောင်လိုက်ရှာနေရ
အဆုံးမရှိတဲ့ လမ်းတွေ မရှိဘူး
အကောင်အထည် မမြင်နိုင်တဲ့ အိမ်ကလေးကို မျှော်လင့်နေခဲ့တာ
ဒီလိုနဲ့ နှစ်ပေါင်း(၂၀)ကျော်နေပြီ
ယောင်လည်လည်ဖြစ်နေတဲ့ မိသားစုကလေး
ပျက်စီသွားခဲ့တာ.. ကြာပြီပေါ့
တည်ဆောက်စ အခြေအနေတွေက နေ့စဉ်နဲ့အမျှပဲ
လူ့ဘ၀ကို ခပ်ကြမ်းကြမ်း ကြည့်မိနေတယ်

ချောင်ပိတ်မိနေတဲ့ သိုးမည်းတစ်ကောင်လို
ခင်များကိုပဲ မကျေမနပ်ဖြစ်နေခဲ့တာ ဘုရားသခင်
အမေ့အသက်က ငယ်ငယ်ကလေး
ကျွှန်တော့မှာ မသိနားမလည်မှုတွေနဲ့
“ခင်ဗျား… အဖေ့ကိုဘာလို့များခေါ်ဆောင်သွားခဲ့တာလဲ ဘုရားသခင်”

ကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေဟာ
အဖြူရောင် အင်္ကျီလေး
ရောင်စုံ ကျောပိုးအိတ်ကလေး
ထမင်းဗူးလေးကို ရဲရဲတင်းတင်း ဖွင့်လှစ်မှု
စာမေးပွဲသတ်မှတ်ချက် အဆင့်(1,2,3) ….တဲ့လား
မဟုတ်ဘူး…
ဘုရားသခင်ရှေ့ မှောက်မှာ ဒူးခေါင်းတွေ ပွန်းစပ်နေတဲ့အထိ
ကစားကွင်းထဲက ထွက်ပြေးပြီး တိတ်တိတ်ကလေး ဆို့နင့်
တန်ဖိုးမကြီးတဲ့ မျက်ရည်တွေ ခမ်းခြောက်သွားတဲ့ အထိ
ဆုတောင်းနေခဲ့တာတောင်
ပျက်စီးသွားတဲ့ မိသားစုကလေးကို ပြန်မရနိုင်တော့ဘူး။

လူငယ်တစ်ယောက်ရဲ့ ဖြတ်သန်းမှုတွေက
အပေါစား လမ်းဘေး ကဖေး
အပြင်းစား ရော့ခ် သီချင်း
စကားလုံး အသုံးနူန်း ကြမ်းတမ်း ရှတသော ကဗျာတစ်ပုဒ်
ပြဌါန်းစာအုပ်ကြားထဲညှပ်ထားတဲ့ စွယ်တော်ရွက်ကလေးတစ်ရွက်
မလင်းပြာကို ငေးကြည့်မိနေတဲ့ အဖြစ်အပျက်လေး
အဲ့ဒီထက်မပိုခဲ့ပါဘူး
ကိုငှက်ရဲ့ အဖြူရောင် အကျလေးကို လိုချင်ခဲ့တယ်
ညနေခင်းလေး ဂျပ်ဆင်ထိပ်မှာ လမ်းလျှောက်ချင်ခဲ့တယ်…
ခေါင်းလောင်းလေးတွေ မြည်နေပြီ သီချင်းကို
ဂစ်တာခေါက်ပြီး ရဲရဲတင်းတင်း ဆိုကြည့်ချင်ခဲ့တယ်
မသက်ဆိုင်မှုတွေဟာ
ပုသိမ်တက္ကသိုလ်အဝေးသင်ဌာနက စတင်ခဲ့တယ်ပဲ ဆိုပါတော့
လွဲချော်မှုတွေက….
“ကိုရဲဝင်းရဲ့ ကြည်ပြာရောင်နဂ္ဂတစ်”
ခပ်ငယ်ငယ်အရွယ်က ၀တ္တုဇာတ်လမ်းတစ်ပုဒ်ထက်တော့
ပိုပြီး နာကျင်ခဲ့ရပါတယ်
စိန်ပန်းနီနီကလေးတွေအစား….
ပလက်ဖောင်းတွေ အကြောင်းကိုပဲ ၊
ကဗျာထဲမှာ ထည့်ရေးတတ်ခဲ့တယ်
"အဟာရ ချို့တဲ့နေတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘ၀မဟုတ်ဘူး"
ကို့ယ်ကိုကိုယ် အဓိပ္ပါယ်သတ်မှတ်ချက်တွေ ပြန်ပေးနေခဲ့ရ
ခုတော့လည်း သွေးပျက်လောက်အောင် ရူးခဲ့ဖူးတဲ့ နိုဝင်ဘာတောင်
မမှတ်မိတော့လောက်အောင် ဝေးသွားပြီ။

နက်ပြာရောင် တရုတ်ဖြစ် မော်တော်ဆိုင်ကယ်လေးကို
လိုချင်တပ်မက်မှုဟာ ဆယ်ကျော်သက်ရွယ်တစ်ယောက်ရဲ့
ရူးသွပ်မိခြင်းသက်သက်ဆိုတာ မငြင်းပယ်ခဲ့ပါဘူး
Shopping center နဲ့ မားစီးဒီးကားဆိုတာ
ခပ်ချောချော ဆရာဝန်မတစ်ယောက်ရဲ့ ၀တ္တုဇာတ်လမ်းလို့
နားလည်မှုဇာတ်ကို မှတ်ဥာဏ်ထဲဆွဲသွင်းခဲ့တာပေါ့….
စကားလုံးတွေ တောက်လောင်နေတတ်တာကလွဲလို့
လူ့အဖွဲ့အစည်းကို ခေါင်းမော့ပြီး မကြည့်ရဲ့ခဲ့ပါဘူး
အရိုးသားဆုံးဝန်ခံရရင်…ဟုတ်ကဲ့
ဘ၀မှာ..စပျစ်သီးတွေ တော်တော်များများ ချဉ်နေခဲ့ပါတယ်။

လက်ဖ၀ါးတွေမှာ ကြမ်းတမ်းမှု ရှိမရှိဆှိုတာနဲ့ တော့
ဘ၀ရဲ့တန်းဖိုကို မတိုင်းတာလိုက်ပါနဲ့ ဘုရားသခင်
ဖယောင်းတိုင်ကို မီးညှိပြီး နာကျင်မှုတွေကို
တိတ်တဆိတ်… ဖြစ်..ညှစ်..အန်ထုတ်ပစ်ထားတဲ့
အ၀ါရောင်သန်း ၄၅ ကျပ်တန် ဗလာစာအုပ်လေးထဲက
ကဗျာတစ်ဝက်.နာကျင်မှုနေ့စွဲမှတ်တမ်းတ၀က်ဟာ
လူတိုင်းနားမလည်နိုင်တဲ့ အဆိုးမြင်.၀ါဒ တွေအတွက်
စိတ်အာသာဖြေမှုသက်သက်လို့ပဲ ဆိုပါတော့  
အရိုးသားဆုံးဝန်ခံရရင်…ဟုတ်ကဲ့
ဘ၀မှာ..စပျစ်သီးတွေ တော်တော်များများ ချဉ်နေခဲ့တယ်။
အယူဝါဒတွေကို ခေါင်းအုံးအောက်မှာ ဖိသတ်ပစ်တယ်
စွန်လွှတ်ဆုံးရှုံးခဲ့ရမှုတွေကို
အရေးပြားမှာဆွဲထင်နေတဲ့ ချုပ်လက်စ အမာရွတ်တစ်ခုလို
တေးမှတ်ထားတယ်
“အကြင်တရားတို့ သည် အကြောင်းကြောင်းကြောင့်
ဖြစ်ကုန်ကြဧ။်”
ဆိုပါတော့..ဆိုပါတော့…ဆိုပါတော့….
အကြောင်းတရားတွေက ဘယ်တုန်းကစတင် လောင်ကျွမ်းလာခဲ့ တာလဲ
အမေ..ညီမလေးနဲ့ မနက်ဖြန်တွေသာမရှိရင်.
သံသရာ အဆက်ဆက်မှာ ကျွန်တော့်နာမည်ရေးမှတ်ထားခြင်းကို
ဖျက်သိမ်းပစ်တော့မယ်။

အသက်အရွယ်နဲ အချိုးကျမှုမရှိတော့တဲ့ စိတ်ဓါတ်နဲ့ခန္ဒာကိုယ်
စိတ်ကိုအမြဲလိုလိုချိုးနှိမ်နေခဲ့ရတဲ့ ဘ၀ရဲ့ ရလဒ်ဟာ
ခေါင်းငုံပြီး လမ်းလျှောက်တတ်တဲ့ အကျင့်တွေသာ
စွဲကပ်လာခဲ့တယ်။      ။
                                                                                                                                
                     အစိတ်အပိုင်း အချို့ သက်သက်ပါပဲ…                                                                                             

                                                                 မှူးသစ်…
                                                                 23/6/2012

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...