*တစ်ကိုယ်ရည်ညစာ (၂)*



ဝေးကွာခြင်းဟာ
ရုပ်ရှင်ဇာတ်ကား မဟုတ်တော့
လိုသလောက် ကျော်ပစ်လို့ မရနိုင်ဘူး
အခန်းတံခါးကို ဖွင့်ပြီးတဲ့နောက်
တိတ်ဆိတ်ခြင်းက
စတင် ခြောက်လှန့်လာတော့တာပဲ
ဖွင့်လက်စ စာအုပ်ကို ကောက်ကိုင်
တီဗီခလုတ်ကို ဖွင့်ကြည့်
တစ်လောကလုံးက
အရောင်ရောင်အမှားမှားနဲ့
ကိုယ်က တဂျောက်ဂျောက်မြည်နေတဲ့
အဲ့ဒီ နာရီလက်တံတွေနဲ့ပဲ
ခဏခဏ သောက်ပြဿနာတက်နေတယ်။
စားပွဲပေါ်မှာ အေးစက်နေတဲ့
တစ်ကိုယ်ရည်ညစာဟာ
ကိုယ်နဲ့အတူတူ အထီးကျန်ခြင်းကို စားသုံးတော့မလို့
ရှက်စရာကောင်းပေမယ့်
ခုလောလောဆယ်မှာ
`အံကြိတ်ထားတဲ့ ဝဋ်ကြွေး´လို့ အမည်တပ်ထားရုံကလွဲပြီး
တခြား ဘာမှမတတ်နိုင်ဘူး
သောက်တလွဲ နည်းပညာခေတ်ကြီးကို
ငြင်းပယ်ချင်ပေမယ့်
တစ်ခါတစ်ခါတော့
တယ်လီဖုန်းလေးတစ်လုံးနဲ့
ကိုယ့်ကိုယ်ကို ပြန်ကယ်တင်ရတယ်။
ပြောကြတာတော့
ဒီဇင်ဘာဟာ ဆောင်းအငွေ့အသက်တွေနဲ့တဲ့
ကဗျာဆရာရဲ့ ညနေခင်းမှာ
ရာသီဥတုကပူပြီး နေ့စွဲတွေက အေးစက်နေလေရဲ့
တကယ်တော့
နေ့စွဲဆိုတာ နာကျင်မှုအမှုန်တွေစုစည်းပြီး
ဖြစ်တည်နေတဲ့အရာ

အဲ့ဒီလိုနဲ့
စားပွဲပေါ်မှာ အေးစက်နေတဲ့
တကိုယ်ရည်ညစာကို အလွတ်ကြီးငေးလို့
ဝင်သက်ထွက်သက်တိုင်း
ဝေးကွာခြင်းတရားကို အခါခါမှတ်နေရတယ်။
မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...