Monday, May 13, 2013

စီးကရက်တွေက သူ့သက်တမ်းတွေ ကို ရေတွက်သွားပါလိမ့်မည် (မှူးသစ်)

ညနေခင်းသည် အရောင်တွေဖျော့လွန်းသော ညနေခင်းတစ်ခုဖြစ်သည်။ ဒါမှမဟုတ် အရောင်တွေ လွင့်မျော နေခြင်းလည်းဖြစ်နိုင်သည် လွင့်မျောနေသမျှသည် အရာအားလုံးဖြစ်သည်။ အတိတ် ၊ အနာဂတ်၊ ဖြစ်တည်မှု ၊မျှော်လင့်ချက် ၊တေးသီချင်း၊ ပျော်ရွှင်မှု မေတ္တာတရား၊ လုံခြုံနွေးထွေးမှု၊ ထိတ်လန့်အေးစက်မှု.နာကျင်ဝမ်းနည်းမှု.။
ဘာတွေကို များ သတိတရဖြစ်နေမိသော ညနေခင်းတွေလဲ..။
သူကိုယ်တိုင် လွဲမျော ခဲ့လေပြီ

သောက်လက်စ ကော်ဖီတစ်ခွက်သည် ကော်ဖီအေးမဟုတ်သောကြောင့် နွေးထွေးမှုတို့ လျော့နည်းသွားမှာ စိုးရိမ်မိသည်။ အေးစက်မှုတွေက ဘ၀တစ်ခုစာ ရှင်သန်မှုဧ။် တစ်ခုတည်းသော ဖြစ်တည်မှုဖြစ်ခဲ့သည်။ အသက်ရှင်ဖြစ်တည်မှုတွေ မှာ သူတတ်နိုင်သော အရာဟူ၍  အများကြီးမရှိခဲ့.။ လက်ကြားမှာ ညှပ်ထားသော စီးကရက်ပြာတွေကို ချွေ ချပစ်ဖို့ အထိ တုံ့ ဆိုင်းတတ်  လွန်းသော လူတစ်ယောက်အဖြစ်ကိုသာ ရရှိခဲ့သည်။

"ကော်ဖီနဲ့ စီးကရက်ဆိုတာ လူငယ်တစ်ယောက်ရဲ့ ဘ၀မှာ အဓိက အမှတ်အသား"
ဖြစ်နိုင်လျှင် မှတ်ပုံတင်ကဒ်ဧ။် ထင်ရှားသည့်အမှတ်အသား ဆိုသောနေရာတွင် ထိုအရာတွေကို သူဖြည့်စွက် ချင်မိသည်။ သို့သော် သူက ပြဌန်းသူမဟုတ် ပြဌန်းခံသူသာ ဖြစ်ခဲ့ကြောင်း မှတ်ပုံတင်ပါ စာသားများက သက်သေ ပြသခဲ့သည်။

ပြန်တွေးကြည့်တော့ လူငယ်ဘ၀ဟာ သိပ်တော့လည်း အမှတ်ရစရာ မကောင်းလှ၊
မီးခိုးရောင် ဘေးလွယ်အိတ်ကလေးရယ်..မှတ်စုစာအုပ်ကလေးတစ်အုပ်ရယ် အပြာ်ရောင်စက်ဘီးကလေးတစ်စီးရယ်၊ တစ်သက်တာလွှဲခါသွားတဲ့ မျက်ဝန်းတစ်စုံရယ်
ခေါင်ရည်ပုလင်းတွေရယ်..ဆေးပေါ့လိပ် တိုတွေရယ် ထူးအိမ်သင်သီချင်းတွေရယ်.. ဟိုလွဲဒီလွဲ အဖြစ်အပျက်တစ်ချို့ရယ် ဒီလောက်ပါပဲ၊


ဂျင်းပင်တွေကို စုတ်ဖြဲဖူးပါသလား၊ မာကျူရီမီးရောင်တွေအောက်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အထိ လွင့်မျောခဲ့ဖူးပါသလဲ
မ ၀ယ်ယူနိုင်ခဲ့တဲ့ ဂစ်တာအစား သိမ်ငယ်စိတ်ကို " တောက်" ခေါက် ရောခ့်သီချင်း တွေ ညည်းခဲ့ဖူးပါသလား.
ဖွင့်မကြည့်ရဲတံခါးတစ်ချပ်ကို အပြင်ကနေ အစိမ်းရောင်တွေ ခပ်ကြမ်းကြမ်း ရေးဆွဲထားလိုက်တယ်။


တစ်ခါတစ်ရံ သီချင်းတွေနားထောင်ရမှာ သူကြောက်သည်။ ထိုသို့ဖြင့် ကိုငှက်ဧ။် "သက်ငြိမ်" "အဖြူရောင်အင်္ကျီကလေး"သီချင်းတွေ ကို ညည်းဖြစ်ခဲ့သည်။
နာကျင်မှုပေါင်းများစွာ ဘယ်လောက်စတေးလိုက်ရသလဲ.။ နာကျင်ဝမ်းနည်းမှုတို့ကပင် တွေဝေလွန်းလှသည်။
မရေရာမှုဆိုတာ သူပျောက်ဆုံးနေတဲ့ ဂက်စ်မီးခြစ်ကလေးတစ်ခုဖြစ်သည် ။
အလင်းရောင်တစ်ချို့ ပါသွားခဲ့လေသည်။

ဘ၀မှာ ဘာတွေက အ ဖြတ် ရအခက်ဆုံးလဲဟု မေးလာလျှင် သူက စီးကရက်နှင့် သတိတရစိတ်..ဟု ဖြေဆိုချင်မိသည်။

သတိတရဖြစ်စိတ်သည် လန်ဒန်ဗူးခွံအဟောင်းတစ်ခုနှင့် ညီမျှသည်။ ဆောင်းဦးလှိုင်ဧ။်သီချင်းတစ်ပုဒ်နှင့် ညီမျှသည်။ ကျောက်ပါးပြီး ဂက်စ် ကုန်စ ပြုနေသော မီးခြစ်တစ်လုံးနှင့် ညီမျှသည်။ ပြန့်ကျဲနေသည့် ဆေးပေါ့လိပ် တိုများနှင့်ညီမျှသည်။ မညီမျှတွေက လမ်းခွဲ တစ်ခု ဖြစ်ခဲ့သည် အချို့အကွေ့များစွာ.

*လူတွေ.. လမ်းတွေ.. ကိုယ်တိုင်ရွှေ့လျားမှု များ
နောက်ဆုံးအခြေအနေ မရောက်သေးလဲ ကိုယ်က နောက်ဆုံးကိုပဲ ကြိုစောင့်နေတာ
မျှော်လင့်ထားတာတွေ.
ထိတ်လန့်တကြား ကြောက်ရွံ့မှုတွေက အိပ်မပျော်ပဲ ထယောင်မိတဲ့ ညတွေများလာတယ်
သတိတရဖြစ်မှုတွေ စိတ်မှာ စက်များ တပ်စင်ထားမိသလား
ခဏခဏ ပြန် ပြန် ရစ်မိ*

မနက်ဖြန်ဆိုသောစကားလုံးသည် ဘာအတွက် ဖြစ်တည်နေခဲ့သည်ဆိုတာကို သူနားမလည်ခဲ့။ မျှော်လင့်ချက်တို့ ခက်ခဲလွန်းလျှင်
သက်တမ်းတွေကိုသာ ဖြတ် ချ ထား ခဲ့ ချင် မိ သည်။

*မနက်ဖြန်တွေ မရှိတော့ရင် ဘာဖြစ်မလဲ မနက်ဖြန်တွေဆိုတာ မလိုအပ်တော့ဘူးပေါ့ ..


သူစိတ်တွေ လေနေသည်။ လေနေတဲ့ စိတ်ဟာ ဘယ်ကိုများ ရွေ့လျားနေပါသလဲ. သိမ်မွေ့လွန်းသော နာကျင်စရာ အဖြစ်အပျက်တစ်ချို့ရှိခဲ့ သည်။. ပျော်ရွှင်စရာ ၀မ်းနည်းစရာ လွမ်းဆွေးစရာ အစ ပေါင်းများစွာ သူဘယ်အရာကို မှ ဆွဲထုတ်ကြည့် ဖို့ မ၀ံ့မရဲဖြစ်ခဲ့ ။  မသေချာမှုဟာ သူ့အိတ်ကပ်ကလေးထဲက ပြုတ် ကျ သွား ခဲ့သည်.. အလိုအလျောက် ။ လျော့လျဲနေတဲ့ အနာဂတ် ၊ ပြန်လှည့်ကြည့်မရဲခဲ့သော အရာတွေအတွက် သူမေ့လျော့ထားလိုက်ရသော အရာတို့က ပိုဆုံးရှုံးရသည်ဟုထင်မိသည်။ ဆုံးရှုံးမှုတို့သည်လည်း သိပ်တော့အထူးအဆန်းမဟုတ် ။ အသက်ရှင်သန်မှုတို့သည် မနက်ဖြန်ဟု အဓိပါယ်ဖွင့်ဆိုခွင့်မရှိတော့။

ကဗျာတစ်ပုဒ်ကို မရေးသားဖြစ်ခင်ကပင် သူ မျဉ်တားပြီး ပိတ်ပစ်လိုက်သည်။ အငွေ့ပျံမှုတွေမှာတော့ ရင်ခုန်သံတွေ အတော်များများပါသွားလိမ့်မည်။ နှစ်ကာလတွေအဟောင်းတွေဟာ မျက်ဝန်းပေါ်မှာ ပျံဝဲလို့..။
နာကျင်စရာအဖြစ်အပျက်တစ်ချို့ ရှိလိမ့်မည်။ ကြည်နူးလွမ်းဆွတ်စရာများလည်း ရှိလိမ့်မည်၊ ကြောက်ရွံ့ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်များလည်း ရှိခဲ့လိမ့်မည်။ သူလှည့်မကြည့်ချင်တော့..။ နှစ်ကာလအဟောင်းတွေက သီချင်းတွေဆို၍ ရောက်လာသည်။
ညနေခင်းဟာ လှပ် ခ နဲ..


*ကိုယ့်နောက်ကျောမှာ ဓါးတစ်လက်စိုက်ဝင်နေခဲ့ရင် ကိုယ်ကလွဲလို့ ဘယ်သူမှ တာဝန်မရှိဘူး
ချစ်ခြင်းမေတ္တာရယ် ကိုယ်ရယ် ဒီလိုနဲ့ တန်ဖိုးတွေ “ပွ န်း ပဲ့ ပါ” သွားး ခဲ့တယ်*

နောက်ကျောမှာ ဓါးပေါင်းများစွာ စိုက်ဝင်ခဲ့ဖူးသည်။ လက်ဖ၀ါးတွေဟာ ဘာကိုမှ ဆုပ်ကိုင်ကြည့်ဖို့ မ၀ံ့ရဲခဲ့ ..။ သူအိမ်မက်က နိုးလာခဲ့သည်။ သူ့လက်ဖ၀ါးမှာ စူးတစ်ချောင်းးး
အားးးးးး
အလန့်တကြား ခေါင်းတွေကို စိုက်ချလိုက်ရသည်။
ချစ်ခြင်းမေတ္တာနဲ့ မိုးကောင်းကင်
ပတ်သက်မှုတွေကို အဝေးဆုံး သို့ သူကိုယ်တိုင်  လွင့်မျော ပစ်လိုက်သည်။

မမြင်ရတော့တဲ့ အရာတွေပဲ ဖြစ်ဖြစ်
မကြားရတော့တဲ့ အရာတွေပဲ ဖြစ်ဖြစ် ..
မမြင်ခဲ့ရတဲ့ အရာတွေပဲ ဖြစ်ဖြစ်၊ မကြားခဲ့ရတဲ့ အရာတွေပဲဖြစ်ဖြစ်
အမှတ်တရများစွာ ရှိနေပါလိမ့်မယ် သတိတရ နာကျင်မှုပေါင်းစွာ ရှိနေပါလိမ့်မည်.။ ထိုသို့ဖြင့်
ချစ်ခြင်းမေတ္တာနဲ့ မိုးကောင်းကင် ကို သူလမ်းခွဲဖြစ် ခဲ့သည်။ ကတ္တှီပါ လမ်းခွဲတော့မဟုတ်ခဲ့ နာကျင်မှုလမ်းတွေသာ ဖြစ်နိုင်လိမ့်ည်.။
သူပြုံးလိုက်မိသည်။ အသက်အရွယ်တွေ ကြီးရင့်လာတာနဲ့ အပြုံးတွေမှာ အဓိပါယ်တွေ ဝေး၀ါးလာခဲ့သည်။

သူ သီချင်းတွေနားထောင်ရမှာ ကြောက်ရွံ့နေမိသည်။
ထိုသို့ဖြင့် ဇော်ဝင်းထွဋ် ဧ။် "အရည်တွေပျော်ကုန်ပြီ" သီချင်းကို ခပ်တိုးတိုးကလေး ညည်းဖြစ်သည်။
ဖျတ်ခနဲ တိုက်ခတ်သွားသော လေပြေသည် ကြိမ်နှုန်းဘယ်မျှ ရှိနေမလဲ . ဘယ်ဘက်အခြမ်းမှာ ဆုံးရှုံးလိုက်ရမှုများ..


ညနေခင်းသည် လွင့်မျော်လွန်းလှသည်။ ညနေခင်းတွေကို အဆုံးသတ်ကြည့်ဖို့ သူ့အတွက် ခက်ခဲလွန်းသည်။ စာအုပ်အငှားဆိုင်ကလေးတွေ၊ အိမ်အပြန်လမ်းတွေ.၊ ဂျင်ပင်ဝတ်ထားတဲ့ လဘက်ရည်ဆိုင်တွေ. မာကျူရီမီးရောင်တွေ ၊ ဒီရေအတက်အကျ လှိုင်းပုတ်သံတွေ.. သီချင်းသံတွေ ဂစ်တာခေါက်သံတွေ.
အရာအားလုံဟာ တိတ်တဆိတ်
ညနေခင်းတွေကနေ ထွက်ခွါသွားခဲ့ပြီလား..

တစ်စုံတစ်ရာကို အဆုံးသတ် ကြည့်ရမည်ဆိုလျှင်..

ကိစ္စမရှိပါ စီးကရက်တွေက သူ့သက်တမ်းတွေ ကို ရေတွက်သွားပါလိမ့်မည်..

စိတ်တွေ လွင့်မျောလွန်းလှသည်။ လွင့်မျောသည်ကပင် မွန်းကျပ်လွန်းသည်။ ဘာကိုတွေဝေငေးမောရမည်ဆိုတာ သူမသိတော့
သောက်သုံးပြီးစ စီးကရက်တိုတွေကို ရေတွက်နေမိသည်။ သူမမှတ်မိ နိုင် မှတ်ဥာဏ်သည် အဖြစ်အပျက်တွေကို ရွေးခြယ်တတ်သည်လား..၊ သူမသိ သို့သော် ကိစ္စမရှိပါ စီးကရက်တွေက သူ့သက်တမ်းတွေ ကို ရေတွက်သွားပါလိမ့်မည်။ သူပြုံးလိုက်သည်။ မီးခိုးငွေ့တွေ ကို နာကျင်ငေးမောရင်း..


မှူးသစ်



* (စတား)ပြထားသည်များမှာ ရေးခဲ့ဖူးသော ကဗျာများမှ စာသားများဖြစ်သည်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...