Tuesday, April 30, 2013

စစ်ကြီးပြီးတဲ့အခါ ( မောင်မြတ်သူ)

စစ်ပွဲတွေ အပြီးမှာ ငါတို့ ညီအစ်ကိုတွေ နိုက်ကလပ်မှာ ဆုံကြတယ်။
နိုက်ကလပ်ရဲ့ အ၀င်ဝမှာတင် ကျွန်တော်တို့ရဲ့ စစ်ပြန်ဟောင်းကြီးဟာ
ယူနီဖေါင်းအသစ်နဲ့ တာဝန်အသစ်နဲ့ ယဉ်ကျေးမှုအသစ်နဲ့ အလုပ်ဖြစ်တာကို မြင်ရတယ်။
နပ်စ်မလေး တစ်ယောက်လို အပြုအစု မျိုးကို ရှာဖွေဖို့ ငါတို့ နိုက်ကလပ်ကို ရောက်လာတာ
ဖြစ်တယ်လို့ ငါကပဲ မိန့်ခွန်းပြောလိုက်တယ်။
စားပွဲထိုးကို ဘော်ဒါကြေး အနည်းငယ်ပေးလိုက်တော့
ကောင်မလေးတွေ ငါတို့ ဆီ ရောက်လာတယ်။
အတူတူ တွဲကဖို့ ၊ အတူတူ တွဲလွတ်ဖို့ ၊ အတူတူ တွဲတွဲဖို့
စစ်လျော်ကြေးတွေထဲက ဘော်ဒါကြေးအနည်းငယ် ဝေမျှပြီးတဲ့နောက်မှာ
သူတို့အတွက် ဆန်ဖိုး၊ဆီဖိုး၊ဘော်ဒါဆောင်ဖိုး၊
ဆေးဖိုး၊ ၀ါးဖိုး၊ ချွေးဖို့ စသည်ဖြင့် အများကြီး အဆင်ပြေသွားတယ်လို့ ငါ့ကိုပြောတယ်။
ဗမာသံစဉ် ကိုရီးယားသီချင်းတွေနဲ့ တို့ရဲဘော်တွေ ပျော်ကြတယ်ဆိုရင်ပဲ
နိုက်ကလပ်ကြီးမှာ ယမ်းငွေ့တွေ ပြန်ရလာသလိုလို၊
ခေါင်းရမ်းပန်းတွေပဲ ပွင့်လာသလိုလို၊ မီးလောင်နေတဲ့ ရွာသင်းနံ့လေးတွေပဲ

ရလာသလိုလိုနဲ့ လှပလာတာပါပဲ။
ပန်ခ့်လိုလို ရက်ပါလိုလို လူငယ်တွေဟာ စစ်ချီသီချင်းတွေကို တောင်းဆိုခဲ့ကြလို့
“ညီစေနော် တို့ရဲဘော် ချီတက်ကြစို့ တူပျော်ပျော်” ဆိုတဲ့ သီချင်းကို
ရောသမမွှေလိုက်တော့ ကပွဲခန်းမဟာ
လူမျိုး၊ဘာသာမခွဲခြားတော့ဘဲ အရောင်စုံ သေနတ်တွေနဲ့ လှပသွားတယ်။
စစ်ပွဲတွေကို မေ့ထားတဲ့ ငါတို့ ရဲဘော်တွေဟာ လူငယ်တွေရဲ့ သေနတ်တွေကြောင့်
စစ်အတွက် တဖန် မွေးခဲ့သည် လို့ဆိုရမလို နုပျိုလာပြန်တယ်။
(ငါတို့ ရဲဘော်လို့ ဆိုရမှာ တော်လှန်ရေးရဲဘော်၊ ပြည်သူ့ရဲဘော်၊ပါတီကေဒါရဲဘော် အစုံပါတယ်)
စိန်ဂျွန်းဟာ တိုက်ပွဲတွေကြားမှာ ပိုပြီး လှပတယ် မဟုတ်လား။
နိုက်ကလပ်ထဲမှာ ဆူညံလွန်းလာလို့ ငါတို့အပြင်ခဏထွက်ခဲ့တယ်။
စိန်ဂျွန်းဟာ တိုက်ပွဲတွေကြားမှာ လှပလွန်းခဲ့တော့

/စစ်အတွင်းက-ကွဲသွားတဲ့-သူငယ်ချင်း-ညီအစ်ကိုတစ်တွေ-ပြန်တွေ့တဲ့နေ့/

ဆိုတဲ့ ကဗျာဆရာမောင်ချောနွယ်ရဲ့ ကဗျာကို ငါတို့ ရွတ်ကြတယ်။
ဆိုင်ဆိုင် မဆိုင်ဆိုင် စိန်ဂျွန်းဟာ ကဗျာရွတ်တော့ ပိုလှလာတယ် ထင်ရတယ်။
စစ်ပွဲတွေမှာ ကဗျာတွေ ရွတ်ပြီးပဲ ယှဉ်ကြရရင် ဘယ်လောက်ကောင်းမလဲတဲ့
ရဲဘော်တစ်ယောက်က ပြောတော့
“ငါတို့လည်း ကျည်ဆံတွေကြားမှာ ကဗျာရွတ်လာတာပဲလေကွာ” လို့ ပြန်ဖြေလိုက်တယ်။
တကယ်စဉ်းစားကြည့်ရင် နယ်ချဲ့တော်လှန်ရေးကအစ ပြည်တွင်းစစ်အဆုံး
ငါတို့ဟာ ကဗျာရွတ်ခဲ့တာပဲ မဟုတ်လား။
ရဲဘော်တစ်သိုက်ဟာ ကဗျာကို အရမ်းချစ်ကြတယ်။
ကဗျာထက် ကောင်မလေး လှလှလေးတွေကို ချစ်လို့ နိုက်ကလပ်ထဲကိုလည်း ပြန်ဝင်ကြတယ်။
ကောင်မလေးဆီ ငါပြန်သွားတယ်။
မင်းဟာ အဖူးပွင့်ဆုံး ကဗျာလေးပါလို့ ပြောရင်း ခါးသိမ်လေးကို ဖက်လိုက်တော့
ကဗျာမလေးက လောင်ချာကို ကိုင်လိုက်တယ်
ငါ့ကို ပစ်လိုက်တယ်။ အလောင်ခံရပီး ငါ စုတ်ချာ သွားတယ်။
လောင်ချာကိစ္စပြီးမှ ငါ့မိဘတွေကို ငါသတိရပြန်တယ်။
စစ်အတွင်းက ငါ့မိဘတွေ သေခဲ့လားဆိုတာ ငါသတိမရဘူး
တော်လှန်ရေးကာလမှာများ သေလား
ခွဲထွက်ရေးကာလမှာများ သေလား
ဘယ်မှာသေလဲ ဆိုတာထက် စစ်မှာ သေတယ်ဆိုရင် ပြီးနေတာပဲဆိုပြီး
နှလုံးသွင်းလိုက်တော့မှ ငါတို့ရဲ့ စစ်ဟာ လှပသွားတယ်။
ရဲဘော်တွေလည်း လက်နက်ကြီးကိုင်နေကြတုန်းမှာ
ကောင်မလေးတွေဟာ စစ်ကို ရွံမုန်းတယ်လို့ ပြောပြီး
ငါတို့ ဆီက ထွက်ပြေးသွားတယ်။
စစ်လျော်ကြေးတွေကို သူတို့ မေ့သွားပုံပဲ။
ငါတို့လည်း လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်လိုက်ကြတော့။
နိုက်ကလပ်မှာ ယမ်းငွေ့တွေပဲ ကျန်ခဲ့တော့တယ်။

ငါတို့ မေ့နေတာက
မိဘပြည်သူများ ပိုင်တဲ့ ဟောဒီနိုင်ငံကို ပေတံတစ်ချောင်းနဲ့ ဖြတ်တားလိုက်ရင်
ငါတို့ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို နိုက်ကလပ်ထဲမှာ ပြန်တွေ့ရတယ်ဆိုတာ။


မောင်မြတ်သူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...