အမျိုးသမီးအခွင့်အရေးနဲ့ တန်းတူညီမျှမှု __တည်တံ့(G.B.K) ---







 မေ့ထားလို့မရတဲ့အချက်က စစ်အေးခေတ်လွန် ကမ္ဘာကြီးကိုယ်တိုင်က အိုင်ဒီယိုလိုဂျီကိုးကွယ်မှုကို စွန့်ပစ်ဖို့ ခြေလှမ်း ကြဲလာနေခြင်းပဲ။ ပါရာဒိုင်းတွေရဲ့ရွေ့လျားမှုလားရာဟာ စံနှုန်းနဲ့ ယဉ်ကျေးမှုအဟောင်းတွေကို တစစ ဖြိုဖျက်တိုက်ချဖို့ ဦးတည်နေတယ်။ အချို့က အနောက်ပုံစံယူခြင်းလို့ ခပ်လွယ်လွယ်နာမည်တပ်ကြပေမယ့် သိမှုအမြင်သစ်တွေနဲ့ စံနှုန်းတွေ ဆင့်ကဲပြောင်းလဲလာဖို့ အခြားအကြောင်းအချက်တွေကလည်း အခွင့်အရေးပေးနေတာဖြစ်တယ်။ တော်ဖလာရဲ့ တတိယလှိုင်း၊ အနာဂတ်သွေးလန့်မှုပြဿနာတို့နဲ့ ရင်းနှီးပြီးသူတွေကတော့ ဒီဆိုလိုရင်းကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နိုင်မယ်။ အလွယ်အားဖြင့် ခေတ်ရဲ့တောင်းဆိုမှုလို့ ခြုံငုံအနက်ပြန်နိုင်တယ်။ ဘရွတ်ခ်လာမ်မာက သူ့ရဲ့ဆောင်းပါး “The Kids Are Not All Right” မှာ တရုတ်မျိုးဆက်လူငယ်တွေရဲ့ အတိတ်နဲ့အဆက်ပြတ်မှုအပေါ် သုံးသပ်ထားပြတယ်။ ဥက္ကဌမော်ရဲ့ စာအုပ်နီလေးများဟာ ယနေ့ခေတ် လူငယ်တွေအပေါ် သြဇာလွှမ်းမိုးသက်ရောက်မှု မရှိတော့သလို လိုလည်းမလိုအပ်တော့တဲ့ အခြေအနေမျိုးပဲ။ ဂျပန်ဟာလည်း လတ်တလောနှစ်များမှာ လူငယ်မျိုးဆက်များအကြား
တစ်ကိုယ်တည်းနေထိုင်ရပ်တည်မှု ခေတ်စားလာခြင်းနဲ့အတူ အိမ်ထောင်ပြုနှုန်း အလွန်အမင်းနည်းပါးလာတဲ့ ပြဿနာအတွက် ခေါင်းခဲနေရတယ်။ ဆိုရှယ်နက်ဝါ့ခ်တွေ ပေါ်မလာမီနဲ့ ပေါ်လာပြီး လူ့အဖွဲ့အစည်းမှာတောင် ပြောင်းလဲမှုဂယက်ဟာ မှန်းဆမရနိုင်အောင် ထုထည်ကြီးမားနေတာ မျက်မြင်ပါ။ တက္ကနိုလိုဂျီ အရွေ့အပြောင်းမှာ မိသားစုစံနှုန်း၊ ယဉ်ကျေးမှုတန်ဖိုး၊ သိမှုအမြင်တွေပါ လိုက်လံပြောင်းလဲနေကြတာဖြစ်တယ်။

မြင်သာတဲ့ အကျိုးဆက်ကတော့ တသီးပုဂ္ဂလအယူအဆ (Individualism) ဟာ အနောက်တိုင်းမှာသာမက စုပေါင်းဝါဒ (Collectivism) အခြေပြုတဲ့အရပ်ဒေသတွေအထိ ပျံ့နှံ့စီးဆင်းလာခြင်းပဲ။ စုပေါင်းဝါဒအခြေခံအားကောင်းတဲ့ နေရာတွေမှာ တသီးပ္ဂုလအမြင်ဟာ မတိုးဝင်နိုင်ဘဲ တပ်လှန်သွားရတာမျိုး ရှိသလို အလိုက်သင့်ပြောင်းလဲဖို့ အခြေအနေပေးတဲ့နေရာတွေမှာကျ ဆက်လက်ပြန့်ပွားဖို့ ကုပ်တွယ်ကျန်ရစ်တယ်။ ဘာပဲဖြစ်ဖြစ် ဟောလီးဝုဒ်ဇာတ်ဝင်ခန်းတွေမှာ မြင်ရတတ်တဲ့ ရထားပေါ်မှာ စုံတွဲဖက်ရမ်းနမ်းရှုံ့နေခြင်းလို မြင်ကွင်းမျိုးဟာ အာရှရဲ့တစ်ချို့အစိတ်အပိုင်းတွေမှာပါ အကျအန နေရာယူလာတာကိုတော့ ငြင်းလို့မရနိုင်ဘူး။ တသီးပုဂ္ဂလအမြင် အားကောင်းလာခြင်းဟာ စုပေါင်းဝါဒအတွက်တော့ မနှစ်မြို့ဖွယ် အနေအထားဖြစ်ပြီး တည်ဆဲစံနှုန်းတန်ဖိုးတွေနဲ့တကွ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ပြန်လှန်မေးခွန်းထုတ်လာတော့မယ့် ခြိမ်းခြောက်မှုတွေ ဖြစ်လာတယ်။ အစဉ်အလာအရသတ်မှတ်ခဲ့ကြတဲ့ ‘ဒါကြောင့်ဒီလို’ ဆိုတဲ့အယူအဆကို ပုဂ္ဂလအမြင်အောက်ကနေ ‘ဘာကြောင့်ဘယ်လို’ ဆိုပြီး ပြန်လှန်မေးခွန်းထုတ်ဖို့ ကြိုးစားတော့မှာ။ မြင်သာတဲ့ဥပမာတစ်ခုပြရရင် မိန်းကလေးတွေ ဆေးလိပ်သောက်ခြင်းကို ကိုယ်ကျင့်သိက္ခာပျက်စီးမှုအဖြစ်မြင်တဲ့ ရှေးရိုးစွဲလူ့အဖွဲ့အစည်းတစ်ခုမှာ မိန်းကလေးတွေဟာ အစဉ်အလာအတိုင်းဆက်လက် လက်သင့်ခံကြမှာဖြစ်ပေမယ့် တသီးပုဂ္ဂလ၀ါဒအရ ပြန်ဆန်းစစ်သူအဖို့တော့ ယောက်ျားလေး တစ်ဦးအတွက် သာမန်ဖြစ်တဲ့ ဆေးလိပ်သောက်ခြင်းအလေ့အထဟာ မိန်းကလေးအတွက်ကျ ဘာကြောင့် ကိုယ်ကျင့်သိက္ခာ ညှိုးနွမ်းမှုအဖြစ် မြင်စေသလဲဆိုတဲ့ တန်ပြန်မေးခွန်းရှိလာတယ်။ ဒီဖြစ်ရပ်အပေါ် အစဉ်အလာသမားတွေဘက်ကနေ မျှတပြီး လက်ခံနိုင်လောက်ဖွယ် အဖြေတစ်ခုခုပေးနိုင်ဖို့ပါ လိုလာတယ်။ နီကိုတင်းဓါတ်ရဲ့အရသာကို ယောက်ျားလေးများသာ ခံစားသိရှိနိုင်လို့ဆိုတဲ့ အဖြေမျိုးလည်း မဖြစ်ဖို့လိုတယ်။ မဟုတ်ရင်တော့ လူ့အဖွဲ့အစည်းရဲ့ ကျိုးကြောင်းမဆီလျော်တဲ့ သတ်မှတ်ချက်အပေါ် မပျော်ရွှင်တဲ့ မိန်းကလေးဟာ သူမရဲ့အခွင့်အရေးဘောင်ထဲကနေ တုံ့ပြန်ဆန့်ကျင်ဖို့ ကြိုးစားတော့မှာ အသေအချာပဲ။ ပိုမိုပြင်းထန်အားကောင်းတဲ့အဆင့်တစ်ခု ရောက်တဲ့အခါမှာတော့ ရှိရင်းစွဲစံနှုန်းတွေ တန်ဖိုးတွေနေရာမှာ အခြားအသစ်အသစ်သော သတ်မှတ်ချက်တွေနဲ့ အစားထိုးတည်ဆောက်လာကြလိမ့်မယ်။
ဒီကူးပြောင်းမှုအဆင့်ဟာ မသိမသာနဲ့ သိမ်သိမ်မွေ့မွေ့ဖြစ်နိုင်သလို ပေါက်ကွဲပြင်းထန်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် လူ့အခွင့်အရေးကို အကြွင်းမဲ့ဝါဒအမြင်နဲ့ ချဉ်းကပ်တဲ့အခါ လူ့အဖွဲ့အစည်းရဲ့တည်ဆဲစံနှုန်းတွေ၊ အင်စတီးကျူးရှင်းတွေရဲ့ အလုပ်လုပ်ပုံတွေမှာ တစ်ဖက်စောင်းနင်းဆန်မှုတွေ၊ မညီမျှမှုတွေ၊ ချို့ယွင်းမှုတွေကို ပိုမိုမြင်လာရတယ်။ တစ်ဆက်တည်းမှာ “လူ့အခွင့်အရေး” ဆိုတဲ့ဝေါဟာရအဓိပ္ပါယ်ကျယ်ဝန်းမှုက ပိုမိုလိုလားဖွယ်ဖြစ်လာတယ်။ အချုပ်အားဖြင့် တသီးပ္ဂုလအမြင် ကျယ်ပြန့်လာခြင်းနဲ့ဆက်နွယ်တဲ့ လူ့အခွင့်အရေးတန်းတူညီမျှမှု တောင်းဆိုသံတွေနဲ့အတူ ဥပဒေနဲ့နိုင်ငံရေးအခင်းအကျင်းတွေမှာ ယဉ်ကျေးမှုနှိုင်းရ၀ါဒထက် အကြွင်းမဲ့ဝါဒ ပိုအားကောင်းလာနိုင်တဲ့ လက္ခဏာမျိုးပဲ။ တစ်ဖက်မှာလည်း တစ်သီးပုဂ္ဂလအခွင့်အရေးထက် အစုအဖွဲ့အသားပေးထိန်းညှိမှုကိုကျင့်သုံးတဲ့မူဝါဒဟာ အချို့နိုင်ငံတွေအတွက် လိုအပ်ချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အနာဂတ်ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်လက်မြင်တွေ့နေရဖို့ ရှိတယ်။
…………………………………………………………………………………………………………………………………………………………………

 “အမျိုးသမီးများနှင့်သက်ဆိုင်သော လူ့အခွင့်အရေးကဏ္ဍတို့ကို မြှင့်တင်ပေးခြင်းနှင့်တကွ အမျိုးသမီးအခွင့်အရေးများသည် ကုလသမ္ဂလူ့အခွင့်အရေးလှုပ်ရှားမှုတို့၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိစေရမည်” - (ဗီယင်နာကြေညာချက်၊ အပိုဒ် ၁၈)

လူ့အခွင့်အရေးကော်မတီကတော့ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး သဘောတူညီမှုစာချုပ် အပိုဒ် ၂(၁)၊ အပိုဒ် (၃)၊ အပိုဒ် (၂၆) တို့မှာ ပါဝင်တဲ့ လိင်အရတန်းတူညီမျှရေးဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ရော လေးစားလိုက်နာဖို့ပါ လိုတယ်လို့ ဆိုပါတယ်။
၁၉၉၅ စက်တင်ဘာလ၊ ဘေကျင်းမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကတော့ လိင်အရတရားမျှတမှုနဲ့ တန်းတူညီမျှရေးတို့အတွက် အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်။ ဆွေးနွေးပွဲအရ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အမျိုးသမီးများရဲ့အခန်းကဏ္ဍဟာ တစ်စိတ်တစ်ပိုင်း တိုးတက်မှုရှိလာကြောင်း လက်ခံတယ်။ သို့တိုင်အောင် လူ့အဖွဲ့အစည်းအတွင်း အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ လိင်အရအခွင့်အရေးမညီမျှမှုဟာ ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်။ အမျိုးသမီးများမဲဆန္ဒပေးခွင့်ရရေးကနေ စတင်အခြေပြုလာတဲ့ က္ကုတ္ထိယ၀ါဒီလှိုင်းလုံးတွေဟာ အနောက်ကမ္ဘာမှာ အဆင့်သုံးဆင့်တိုင် တိုးတက်ဖြစ်ထွန်းလာခဲ့ပေမယ့် ကမ္ဘာအရပ်ရပ်ကအခြားဒေသတွေဆီ အတိုင်းအတာ ဘယ်လောက်အထိ ရိုက်ခတ်မှုရှိသလဲဆိုတာ ထည့်သွင်းစဉ်းစားစရာပဲ။ အထူးသဖြင့် ရှေးရိုးစွဲပြင်းထန်တဲ့ အစ္စလာမ်မစ်နိုင်ငံတစ်ချို့နဲ့ အာရှဒေသတွေမှာ က္ကုတ္ထိယ၀ါဒနဲ့ပတ်သက်တဲ့ အသိအမြင်ဖွံ့ဖြိုးမှုနှုန်းဟာ နှေးကွေးနေဆဲရှိတယ်။ ဘေကျင်းကမ္ဘာ့အမျိုးသမီး အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲမှာတော့ ဆင်းရဲမွဲတေမှုဒဏ်ရိုက်ခတ်ခြင်းဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် သက်ရောက်မှုပိုများကြောင်း အချက်အလက်တစ်ခုအနေနဲ့ ထောက်ပြခဲ့ကြတယ်။ ဒါဟာလည်း မေ့လျော့မထားသင့်တဲ့ အချက်ပဲ။

နီကိုလပ်စ်ခရစ္စတော့ဖ်နဲ့ ရှာရယ်ဝူဒန်တို့ ပူးတွဲရေးသားတဲ့ အာရှအကြောင်းလေ့လာချက်စာအုပ် Thunder From the East: Portrait of a Rising Asia မှာ ပါဝင်တဲ့ဆောင်းပါးတစ်ချို့ဟာ ဒီအချက်ကိုညွှန်းပြလျက်ရှိတယ်။ ခရစ္စတော့ဖ်ရဲ့ Brutal Drive ဆောင်းပါးက ကမ္ဘောဒီးယားနိုင်ငံရဲ့ ကလေးပြည့်တန်ဆာတွေကတစ်ဆင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ လိင်အကြမ်းဖက်ခံရမှုတွေကို ချဉ်းကပ်ပြထားတယ်။ ကမ္ဘောဒီးယားဟာ အင်ဒိုချိုင်းနားစစ်ပွဲ၊ ခမာနီအုပ်ချုပ်ရေးကာလနဲ့ ဗီယက်နမ်ကျူးကျော်စစ်တို့ကို ငရဲသဖွယ်ဖြတ်သန်းလာရပြီးတဲ့နောက် ပြာပုံကနေ ပြန်လည်စတင်ခဲ့ရတယ်။ ဖနွမ်ပင်ရဲ့ အချို့သော အနီရောင်နယ်မြေတွေမှာ အသက်တစ်ဆယ့်သုံးတစ်ဆယ့်လေးအရွယ် ကလေးငယ်များဟာ လိင်အလုပ်သမားအဖြစ် ခိုင်းစေခံနေရတယ်။ သူတို့အားလုံးဟာ လိင်ဖျော်ဖြေမှုလုပ်ငန်းမှာ အသုံးပြုဖို့အတွက် မိဘတွေဆီက ၀ယ်ယူခံခဲ့ရတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်လွန်ကာလမှာ အာရှဟာ ကြမ်းတမ်းတဲ့မောင်းနှင်အားနဲ့အတူ နာကျင်မှုတွေဆီက နိုးထလာရတာလို့ ခရစ္စတော့ဖ်က မြင်တယ်။ ဒီလိုနိုးထလည်ပတ်နိုင်ဖို့အတွက်လည်း တန်ဖိုးကြီးကြီးမားမား ပေးခဲ့ရတာဖြစ်တယ်။ သို့တိုင်အောင် ဘယ်လိုမိဘမျိုးကများ လူမမယ်အရွယ် ကလေးတစ်ဦးကို ရောင်းချဖို့ဆုံးဖြတ်ခဲ့ရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ နားမလည်နိုင်ဖြစ်နေဆဲပဲ။ အကြောင်းကတော့ အရောင်းချခံလိုက်ရတဲ့ မိန်းကလေးငယ်တစ်ဦးအတွက် လွတ်မြောက်ရာလမ်းဟာ သုံးမျိုးသာရှိနိုင်တယ်။ တစ်ဆင့်ပြန်လည် ရောင်းချခံရခြင်း (သို့မဟုတ်) ထွက်ပြေးလွတ်မြောက်ခြင်း (သို့မဟုတ်) သေခြင်းပဲ။

ဒီအဖြေကိုသိရဖို့အတွက် ခရစ္စတော့ဖ်ဟာ ကြာကြာမစောင့်ခဲ့ရဘူး။ လအနည်းငယ်အကြာ ကမ္ဘောဒီးယား အစွန်ဖျားဒေသတစ်ခုရဲ့ တဲအိမ်တစ်လုံးရှေ့မှာ အမျိုးသားကြီးဟာ ကလေးတစ်ဦးရဲ့ ရုပ်အလောင်းကိုပိုက်ရင်း ရှိုက်ကြီးတငင်ငိုနေတာကို တွေ့ခဲ့ရတယ်။ ကလေးငယ် ကိုင်ဆတ်ဟာ လယ်သမားမိသားစုရဲ့ သားသမီးကိုးဦးအနက် ငှက်ဖျားရောဂါကြောင့် ဒုတိမြောက်သေဆုံးသူဖြစ်တယ်။ ဆေးကုသစရိတ်မပေးနိုင်တဲ့အတွက် ရောဂါဖြစ်ပွားချိန်ကစလို့ သေဆုံးသည်အထိ ထိုင်ကြည့်နေရုံသာတတ်နိုင်ခဲ့ပြီး အဆိုးဝါးဆုံးအချက်ကတော့ ကလေးတွေကို ခြင်ကိုက်ဒဏ်က ကာကွယ်ပေးမယ့် အမေရိကန်ငါးဒေါ်လာတန် ခြင်ထောင်တစ်ခုတောင် ၀ယ်နိုင်ဖို့ ပိုက်ဆံမရှိခဲ့ခြင်းပဲ။ ဒီအတိုင်းသာဆို အခြားကျန်နေသေးတဲ့ ကလေးငယ်ခုနှစ်ဦးတို့ဟာလည်း အသက်ဘေးအန္တရာယ်ကျရောက်မယ့် ရောဂါဆိုးကို အကာအကွယ်မဲ့ လည်စင်းစောင့်မျှော်နေတာနဲ့ အတူတူပဲ။ ခရစ္စတော့ဖ်က ဆိုတယ်။
“ခင်ဗျားစဉ်းစားကြည့်ပါ။ အခြားကလေးငယ် နောက်တစ်ဦး သို့မဟုတ် နှစ်ဦးဟာလည်း ဖြုန်းခနဲသေဆုံးသွားနိုင်တဲ့ အလားအလာ ရှိနေတယ်။ ဒီလိုအခြေအနေမှာ အချို့မိဘတွေအတွက်တော့ အသက်ကိုးနှစ်အရွယ် သမီးမိန်းကလေးကို ရောင်းချလိုက်ခြင်းဟာ အခြားကလေးငယ်တွေကို ကာကွယ်နိုင်မယ့်တစ်ခုတည်းသော နည်းလမ်းအဖြစ် မြင်လာတာမထူးဆန်းဘူး”
ဒီလိုနဲ့ လမ်းမပေါ်တွေမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေဟာ လိင်ဖျော်ဖြေမှုအလုပ်သမားတွေအဖြစ် တစစ များပြားလာတယ်။ အများစုက အပျိုဖော်မ၀င်ခင်အရွယ်ကတည်းက ဇိမ်ဂေဟာတွေဆီ ရောင်းချခံခဲ့ရတာဖြစ်ပြီး မိမိတို့ဆန္ဒမပါဘဲ လိင်ဖျော်ဖြေမှုလုပ်ငန်း လုပ်ကိုင်ကြရတာလည်းဖြစ်တယ်။ သူတို့ဟာ ကျေးကျွန်အဖြစ်ရောင်းချခံရမှု၊ လူကုန်ကူးခံရမှု၊ လိင်အကြမ်းဖက်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ရဲ့ အပြစ်မဲ့သားကောင်တွေပဲ။ သူတို့အထဲကအများစုကတော့ လူ့အခွင့်အရေးဆိုတဲ့စကားလုံးကို သဘောပေါက်ခွင့်တောင်မရလိုက်မီ အသက်နှစ်ဆယ်ပတ်ဝန်းကျင်မှာပဲ ကူးစက်ရောဂါဆိုး တွေကြောင့် အသက်ဆုံးပါးသွားရတယ်။ ယနေ့ထက်တိုင်လည်း ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့မှာ မိဘတွေဟာ ဆင်းရဲမွဲတေမှုကြောင့် သားသမီးကိုရောင်းချတဲ့ဖြစ်ရပ်မျိုးတွေ ရှိနေဆဲပဲ။ ဒါကြောင့် ဆင်းရဲမွဲတေခြင်းဟာလည်း လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုချိုးဖောက်ခံရခြင်းရဲ့ အကြောင်းတစ်ချက်ဖြစ်တယ်ဆိုတဲ့ ဘေကျင်းဆွေးနွေးပွဲပါ ဖော်ပြချက်ဟာ အတိုင်းအတာ တစ်ခုအထိ မှန်ကန်နေတာလို့ဆိုနိုင်တယ်။

ဘေကျင်းကမ္ဘာ့အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲက အမျိုးသမီးများကို ဆုံးဖြတ်ချက်ချမှတ်စေခြင်း၊ အခွင့်အာဏာ ပေးအပ်ခြင်းတို့အပါအ၀င် လူ့အဖွဲ့အစည်းမှာ အပြည့်အ၀ ပူးတွဲပါဝင်ဆောင်ရွက်စေခြင်းအားဖြင့်လည်း လိင်အရတန်းတူညီမျှမှုနဲ့ ငြိမ်းချမ်းမှုတို့ကို ရရှိစေလိမ့်မယ်လို့ သုံးသပ်တယ်။ “လူ့အခွင့်အရေးဟာ အမျိုးသမီးအခွင့်အရေးဖြစ်တယ်” လို့ အလေးအနက် ညွှန်းဆိုတယ်။ ယောက်ျားနဲ့ မိန်းမအကြား တူညီတဲ့အခွင့်အရေး၊ တူညီတဲ့ရပိုင်ခွင့်၊ တူညီတဲ့ မိသားစုတာဝန် ခွဲဝေဆောင်ရွက်မှု တို့နဲ့အတူ သမမျှတစွာ ယှဉ်တွဲနေထိုင်ခြင်းက မိသားစုတန်ဖိုးအပြင် ဒီမိုကရေစီအုတ်မြစ်ကိုပါ ခိုင်မာစေလိမ့်မယ်လို့ ဆိုတာပါ။ ဒါ့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှမှု ရရှိရေး၊ အမျိုးသမီးတို့၏အခန်းကဏ္ဍ မြှင့်တင်ရေး၊ အမျိုးသမီးများတွင် အသားအရောင်၊ အသက်ရွယ်၊ ဘာသာစကား၊ လူမျိုး စသည်တို့ကြောင့် ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရေး၊ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များတွင် အမျိုးသမီးများ တူညီသောကဏ္ဍမှ အပြည့်အ၀ပါဝင်ခွင့်ရရေး စတဲ့အချက်တွေပါဝင်တဲ့ ဆွေးနွေးပွဲရဲ့ သံဓိဌာန်မူဝါဒတွေကို ဖော်ပြခဲ့တယ်။
၁၉၉၃ ခုနှစ်မှာ ကုလသမ္ဂအထွေထွေညီလာခံက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ကြေညာစာတမ်းကို ထုတ်ပြန်တယ်။ အခြေခံအားဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံသားဆိုင်ရာ စတဲ့ ဘယ်လိုနယ်ပယ်မျိုးမှာမဆို အမျိုးသမီးတွေဟာ တူညီတဲ့အခွင့်အရေးနဲ့ လွတ်လပ်မှုတို့ကို ခံစားစေရမယ်လို့ ဆိုပါတယ်။ ဒီကြေညာစာတမ်းမှာ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အခြားအချက်တစ်ချို့လည်း ပါဝင်နေသေးတယ်။ အထွေထွေညီလာခံက အမျိုးသမီးအခွင့်အရေးတွေကို ထိပါးစေတဲ့ ထုံတမ်းစဉ်လာ သို့မဟုတ် ဘာသာရေးအရ ဆောင်ရွက်တဲ့ အလေ့အကျင့်တွေကိုလည်း ရှောင်ကြဉ်ဖို့ တိုက်တွန်းထားတယ်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာတို့ ပါဝင်နေတာ ဖြစ်တယ်။ လိင်ပိုင်းဆိုင်ရာအခွင့်အရေးချိုးဖောက်မှုဟာ  မိသားစုအတွင်း၊ အလုပ်၊ ရုံး၊ ပညာရေးဌာန အင်စတီကျူးရှင်းတွေနဲ့ အခြားနေရာပေါင်းများစွာမှာ ပုံစံအမျိုးမျိုးရှိနေနိုင်တယ်။ လက်ထပ်ပြီးစုံတွဲတွေအတွင်းမှာတောင် မိန်းမဖြစ်သူရဲ့ဆန္ဒမပါဘဲ အတင်းအကြပ်ပြုခြင်းဟာ အဓမ္မမှုမြောက်တဲ့ လိင်အကြမ်းဖက်ခြင်းပုံစံတစ်ရပ်အဖြစ် သတ်မှတ်တယ်။  အမျိုးသမီးအင်္ဂါတို့ကို ဖြတ်ညှပ်ပြုပြင်ခြင်းအပါအ၀င် နိုင်ငံတစ်ချို့မှာတွေ့ရဆဲဖြစ်တဲ့ အခြားရှေးရိုးစွဲအလေ့အကျင့်တွေဟာလည်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်ရာရောက်တယ်။ အမျိုးသမီးတို့ကို လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းများမှာ အတင်းအကြပ်ခြိမ်းခြောက် လုပ်ကိုင်စေခြင်းကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတို့ရဲ့ အမြင့်ဆုံးပုံစံတစ်ရပ်ဖြစ်တယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း အီဆာန်ဒေသဟာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဖွံဖြိုးတိုးတက်မှုအနိမ့်ကျဆုံးဒေသ ဖြစ်တယ်။ အထူးသဖြင့် ကမ္ဘောဒီယားနဲ့ လာအိုနယ်စပ်တစ်လျှောက်ဒေသတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်းစတဲ့ နိုင်ငံရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ နှိုင်းစာရင် အလွန်နည်းပါးတဲ့အခွင့်အလမ်းနဲ့ နိမ့်ကျတဲ့ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှုတွေကိုသာ ရတယ် (ဖွံ့ဖြိုးပြီး ဒေသတွေက ထိုင်းတွေနဲ့ အီဆာန်ထိုင်းတွေအကြားမှာကို အသားအရောင်၊ နေရပ်ဒေသ စတာတွေကြောင့် ခွဲခြားဆက်ဆံမှုတွေ ရှိနေတာပါ)။ အီဆာန်ဟာ အလွန်အမင်း ရှေးရိုးစွဲပြင်းထန်တဲ့ဒေသပဲ။ အများစုဟာ မိရိုးဖလာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အစဉ်အဆက် လုပ်ကိုင်ကြပြီး စုပေါင်းဝါဒအခြေပြုတဲ့ မိသားစုပုံစံကျင့်သုံးတယ်။ ဒါကြောင့် သားယောက်ျားလေးဟာ သမီးမိန်းကလေးတွေထက် ပိုမိုအရေးပါအရာရောက်တယ်ဆိုတဲ့ ကျေးလက်အယူအဆတွေကို သိသိသာသာ တွေ့မြင်နေရဆဲပဲ။ အကျိုးဆက်အားဖြင့် မိန်းကလေးတွေဟာ ပညာရေးနဲ့အခြားကဏ္ဍအရပ်ရပ်မှာ တန်းတူညီမျှမှုကို မရကြဘူး။ “မိန်းကလေးဆိုတာ သေစာရှင်စာဖတ်နိုင်ရင် တော်ပြီ” ဆိုတဲ့ ရှေးရိုးစွဲလူ့အဖွဲ့အစည်းတွေမှာ တွေ့ရတဲ့အယူအဆမျိုးပဲ။ ဒါ့အပြင်လည်း လူမှုအဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အစဉ်အလာထုံးတမ်းမှာ မိန်းကလေးတွေဟာ မိသားစုကိုပြန်လည် အလုပ်အကျွေးပြုရမယ်ဆိုတဲ့အချက်ဟာ ပြဌာန်းခံရပြီးသား။ အီဆာန်မိန်းကလေးတွေရဲ့ ရာခိုင်နှုန်းအများစုကြီးဟာ ပညာရေးနိမ့်ပါးသူ၊ အခွင့်အလမ်း နည်းပါးသူ၊ ရွေးချယ်ခွင့်ကန့်သတ်ခံရသူ၊ အစဉ်အလာနဲ့ ပုံသွင်းခံရသူတွေဖြစ်လာကြတယ်။ ဒီလိုနဲ့ ဘန်ကောက်၊ ပတ်တရား၊ ဖူးကတ် အစရှိတဲ့ နိုင်ငံခြားသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာဒေသတွေမှာ လိင်ဖျော်ဖြေမှုလုပ်ငန်း လုပ်ကိုင်ကြသူ မိန်းကလေး အများစုဟာ အီဆာန်က လာရောက်သူတွေဖြစ်ကြတာ မထူးဆန်းဘူး။ သူတို့ဟာ ကန့်သတ်ခံရထားတဲ့ အခွင့်အလမ်းတွေ မညီမျှမှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ စွန့်စားရှာဖွေပြီး ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားကြသူတွေလည်း ဖြစ်တယ်။ ကြီးပြင်းလာရာ လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲအယူအဆတွေကြောင့် လူ့အခွင့်အရေးဆိုင်ရာ မညီမျှမှုတွေရှိပေမယ့် သူတို့ကိုယ်တိုင် ဒါကို မညီမျှမှုအဖြစ်မမြင်ဘဲ လက်သင့်ခံတတ်ခြင်းဟာလည်း ထူးခြားမှုပါ။ ဒါကြောင့် လိင်ဖျော်ဖြေမှုလုပ်ငန်း အခြေပြုဖြစ်တည်လာခြင်းအတွက် ဆင်းရဲမွဲတေမှုဟာ နံပါတ်တစ် စေ့ဆော်ချက်လို့ လက်ခံလို့ရသည့်တိုင်လည်း ငွေကြေးအပြင် အခြားထိန်းညှိပေးနေတဲ့ အကြောင်းအချက်တွေ၊ လူ့အဖွဲ့အစည်းအတွင်းက တစ်ဖက်စောင်းနင်းမညီမျှမှုတွေ၊ ရှေးရိုးစွဲအစဉ်အလာတွေကိုလည်း မေ့မထားဖို့လိုပါတယ်။ အမျိုးသမီးများအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှမှု ရရှိရေး၊ အမျိုးသမီးတို့၏အခန်းကဏ္ဍ မြှင့်တင်ရေး၊ အမျိုးသမီးများတွင် အသားအရောင်၊ အသက်ရွယ်၊ ဘာသာစကား၊ လူမျိုး စသည်တို့ကြောင့် ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်မှုမပြုနိုင်သရွေ့ အမျိုးသမီးတွေအတွက် ဒီပြဿနာဟာ တည်ရှိမြဲတည်ရှိနေဦးမှာဖြစ်တယ်။

ကျွန်တော်တို့လူမျိုးဟာ ရှေးရိုးစွဲပြင်းထန်တဲ့အစဉ်အလာနဲ့တကွ နိမ့်ကျတဲ့ပညာရေးစနစ်ကို ဖြတ်သန်းရလာမှုကြောင့် ကိုယ်ပိုင်အသိအမြင်နဲ့ တွေးခေါ်မှုပိုင်းအားနည်းတယ်။ အကျိုးဆက်အားဖြင့် လူ့အဖွဲ့အစည်းက အစဉ်အလာနဲ့လက်ဆင့်ကမ်းပေးလိုက်တဲ့ လွှမ်းမိုးကြီးစိုးဆဲစံနှုန်းတွေ၊ တန်ဖိုးတွေ၊ သတ်မှတ်ချက်တွေကို သုံးသပ်ချိန်ထိုးမှုမပြုဘဲ လွယ်လင့်တကူ လက်သင့်ခံလိုက်တော့တာ။ အများလက်ခုပ်တီးရင် ကိုယ်လိုက်တီးရမယ်ဆိုတဲ့ အဟောင်းဖက်တွယ်မှုပြဿနာက လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်ပျံ့နှံ့နေတယ်။ ဒါကြောင့် လိင်ဖျော်ဖြေမှုလုပ်ကိုင်တဲ့ မိန်းကလေးတွေကို စက်ဆုပ်ရွံရှာစရာအမျိုးအစားအဖြစ် အလွယ်တကူတံဆိပ်ကပ်ပြီး ဘေးဖယ်ထုတ်မှုပြုလိုက်ခြင်းက အားကောင်းတဲ့အမြင် ဖြစ်နေဆဲပဲ။ သို့သော် ဒါဟာ မှန်ကန်တဲ့အမြင်တစ်ရပ် ဟုတ်ပါရဲ့လား။ ကျွန်တော်တို့ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့ လိင်ဖျော်ဖြေမှုဈေးကွက်တို့ ဖြစ်တည်လာစေတဲ့ အကြောင်းရင်းတွေ၊ နောက်ကွယ်က ထိန်းညှိနေတဲ့အချက်အလက်တွေ၊ လူ့အဖွဲ့အစည်းအတွင်း ဒီဈေးကွက် လည်ပတ်အလုပ်လုပ်ပုံတွေ၊ စီးပွားရေး ဘာသာရေး လူမှုရေးစတဲ့ ကွဲပြားတဲ့ရှုထောင့်ဆီတွေက ချဉ်းကပ်မှုသဘောတရားကို နားလည်သိမြင်ပြီး တံဆိပ်ကပ်လိုက်တာထက် လူ့အဖွဲ့အစည်းက အလိုလိုသွတ်သွင်းပေးလိုက်တဲ့ “စက်ဆုပ်ရွံရှာစရာ” ဆိုတဲ့အမြင်ကို အလိုက်သင့်ဆက်ခံလိုက်ကြတာများတယ်။ သူတို့ကပ်နှိပ်တဲ့တံဆိပ်အတွက် သူတို့ဆီမှာ တိကျရေရာတဲ့အကြောင်းပြချက် အဖြေတစ်ခုခုမရှိတတ်တာလည်း အများစုပါ။
အထက်မှာ အီဆာန်မိန်းကလေးတွေကို ဥပမာပေးလိုက်ပေမယ့် လူ့အဖွဲ့အစည်းအတွင်း လိင်အရခွဲခြားတဲ့ တစ်ဖက်စောင်းနင်းဆန်မှု ပြဿနာဟာ မြန်မာနိုင်ငံနဲ့တကွ အာရှနိုင်ငံအများအပြားမှာ အမြစ်တွယ်နေတဲ့ အစဉ်အလာဖြစ်တယ်။ မျက်စိစုံမှိတ်စွဲမြဲယုံကြည်လာတဲ့ မဟာပုရိသ၀ါဒအရ မိန်းကလေးတွေဟာ မတူညီတဲ့အခွင့်အရေးနဲ့တကွ ကန့်သတ်ခံရသူတွေ ဖြစ်လာကြတယ်။

ဝူဒန်ရဲ့ From the Back of the House ဆောင်းပါးမှာ အာရှရဲ့လိင်အရခွဲခြားမှုဖြစ်စဉ်တွေမှာ ဘာသာစကားကို ကြားခံနယ်တစ်ခုအဖြစ် အသုံးချတဲ့ သဘောသဘာဝကို ချဉ်းကပ်ပြထားတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တွေက ကိုရီးယားမိန်းကလေးတစ်ဦးမွေးဖွားတဲ့အခါ မိဘတွေက Gutsuni လို့ မကြာခဏအမည်ပေးတတ်ကြတယ်။ အဓိပ္ပါယ်က "နောက်ဆုံးမိန်းကလေး" လို့ သဘောသက်ရောက်ပြီး မိသားစုအတွင်း နောက်ထပ်သမီးမိန်းကလေး မမွေးလာစေဖို့ မျှော်လင့်ချက်နဲ့ ပေးတာမျိုးဖြစ်တယ်။ တရုတ်မှာလည်း ယခုတိုင် ကျေးလက်ဒေသတွေမှာ Laidi သို့မဟုတ် Yingdi လို့ မိန်းကလေးနာမည်မှည့်လေ့ရှိပြီး "အစ်ကို/မောင်တစ်ယောက် ခေါ်ဆောင်လာပါ (နောက်ထပ် မိန်းကလေး ငါတို့မလိုချင်)" လို့ အဓိပ္ပါယ်သက်ရောက်တယ်။ မကြာသေးတဲ့အတိတ်မှာလည်း တရုတ်အမျိုးသားတွေဟာ သူတို့ရဲ့ဇနီးတွေကို "Kang shangde" လို့ ခေါ်လေ့ရှိခဲ့ကြပြီး ဘာသာပြန်ရင် "အိပ်ယာပေါ်က အဖော်" လို့ အနက်ရတယ်။ လက်ရှိကာလရဲ့ ဂျပန်မှာတောင် အခြားသူတစ်ဦးရဲ့ ဇနီးမယားကို ခေါ်ဝေါ်သုံးနှုန်းတဲ့စကားလုံးက "Okusan" သို့မဟုတ် "မီးဖိုချောင်ထဲကသူ/ အိမ်ရှင်မ" ဖြစ်တယ်။
အမျိုးသမီးတွေအတွက် လိင်အရခွဲခြားဆက်ဆံခံရမှုဟာ ယနေ့ထက်တိုင် ကမ္ဘာ့နိုင်ငံအတော်များများ၊ အထူးသဖြင့် အာရှနဲ့ အစ္စလာမ်မစ်နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ပြဿနာပါ။ အမျိုးသမီးအခွင့်အရေးဆိုတာ အလွန်ေ၀၀ါးတဲ့အသုံးအနှုန်းတစ်ခု ဖြစ်နေသေးတယ်။ အာရှတောင်ပိုင်းတစ်ခုလုံးမှာ အမျိုးသမီးထုရဲ့ ၄၈% ရာခိုင်နှုန်းဟာ စာရေးတတ်၊ ဖတ်တတ်ခြင်း မရှိကြဘူး။ အကြောင်းရင်းက ဆင်းရဲနိမ့်ကျတဲ့ဒေသတွေမှာ မိဘတွေရဲ့ရှေးရိုးစွဲမှုက သမီးမိန်းကလေးတွေဟာ ပညာတတ်စရာမလိုလို့ ယူဆတတ်ကြပြီး ပညာရေးမှာ သားယောက်ျားလေးများကိုသာ ဦးစားပေးတတ်တဲ့ အလေ့အထရှိတယ်။ လူတစ်ယောက်ရှေ့တက်ဖို့ အခြားတစ်ယောက်နောက်ဆုတ်ပေးရတဲ့ စီးပွားရေးကြပ်တည်းမှုပြဿနာမှာ အများအားဖြင့် အနစ်နာခံစွန့်လွှတ်မှုပြုကြရတာလည်း မိန်းကလေးတွေပဲ။ တောင်ကိုရီးယားရဲ့ ထုံးတမ်းစဉ်လာအရ မိသားစုတစ်ခုအတွင်း သားယောက်ျားလေးဟာ အကောင်းဆုံးပြုစုပျိုးထောင်မှု ရသင့်တယ်ဆိုတဲ့ အမြင်မျိုး ကြီးစိုးတယ်။ ၁၉၇၀ ပြည့်နှစ်များအထိလည်း ဇနီးမယားတစ်ဦးက သားယောက်ျားလေး မွေးဖွားပေးနိုင်ခြင်းမရှိရင် နောက်ထပ်ဇနီးတစ်ဦးယူခွင့်ရှိတဲ့အစဉ်အလာ ခေတ်စားခဲ့ပါသေးတယ်။ ယခုအခါ ပျောက်ကွယ်သွားပြီဖြစ်တဲ့တိုင်လည်း ယနေ့ခေတ်ကိုရီးယားလူ့အဖွဲ့အစည်းမှာ ယောက်ျားလေးများကို ဦးစားပေးတဲ့ဓလေ့ထုံးစံ အားကောင်းနေဆဲပါ။ ၁၉၈၀ ခုနှစ်ရဲ့ ဂျပန်နိုင်ငံမှာ အလုပ်ခွင်အတွင်း အမျိုးသမီးလုပ်သား ပါဝင်နှုန်းထားက ၃၈% သာရှိခဲ့ရာက ၁၉၉၇ ခုနှစ်မှာ ၄၁% အထိ တိုးတက်လာခဲ့ပေမယ့် သူတို့အားလုံးနီးပါးဟာ အချိန်ပိုင်းအလုပ် သို့မဟုတ် ဂျပန်အမျိုးသားတွေထက် အဆင့်နိမ့်ကျတဲ့အလုပ်အကိုင်မျိုးကိုသာ ရရှိကြတာဖြစ်တယ်။

ဒါဟာ အမျိုးသမီးတွေအပေါ် လိင်မတူညီမှုကိုအခြေပြုတဲ့ ခွဲခြားဆက်ဆံမှုတွေပဲ။ တစ်နည်းအားဖြင့် မဟာပုရိသ၀ါဒ လွှမ်းမိုးကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတွေရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်တယ်။ ဒီလိုလူ့အဖွဲ့အစည်းတွေမှာ ကြီးပြင်းလာရတဲ့ အမျိုးသမီးတွေအတွက်က ရွေးချယ်ခွင့်ဆိုတာ ကန့်သတ်ခံထားရတဲ့ ပိတ်ပင်မှုတွေပါ။ ဒါကြောင့် “အလွယ်လမ်းလိုက်ခြင်း” ဆိုတဲ့ လိင်ဖျော်ဖြေမှုဈေးကွက်ထဲ ၀င်ရောက်လာချိန်မှာ  သူတို့ဟာ ထပ်ဆင့်ဘေးဖယ်ထုတ်ခံရသူတွေ ဖြစ်လာကြရတယ်။ ပြည့်တန်ဆာမိန်းကလေးများကို တိကျတဲ့လေ့လာချက်နဲ့စစ်တမ်းကောက်ယူနိုင်မယ်ဆိုရင် အများစုဟာ ရွေးချယ်မှုမရှိတဲ့အခြေအနေတွေကြောင့် ဒီလမ်းကို လိုက်ခဲ့ရတာပါလို့ ပြောကြမယ့်ရာခိုင်နှုန်းများတယ်။ ဒါကြောင့် လိင်ဖျော်ဖြေမှုလုပ်ကိုင်ကြတဲ့ မိန်းကလေးတွေကို လူ့အဖွဲ့အစည်းအတွင်းက ထပ်ဆင့်ဖယ်ထုတ်တာမျိုး၊ သူတို့ရဲ့ဖြစ်တည်ခွင့်ကို ငြင်းပယ်တာမျိုးထက် လူ့အဖွဲ့အစည်းစနစ်တစ်ခုလုံးရဲ့ တစ်ဖက်စောင်းနင်းမညီမျှမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ လိင်အလိုက် အခွင့်အရေးကန့်သတ်မှုတွေပါ ချဉ်းကပ်လေ့လာပြီး မေးခွန်းထုတ်သင့်တယ်။ ဒါမှသာပဲ နောက်ကွယ်က ထိန်းညှိပေးနေတဲ့အကြောင်းတရားတွေဆီ လက်လှမ်းမီရောက်ရှိပြီး အသွေးသားရောင်းဝယ်မှုဈေးကွက်ရဲ့ သဘောသဘာဝကို အခြားရှုထောင့်တစ်မျိုးက နားလည်သိရှိနိုင်မှာ။ အကြောင်းတရားအမျိုးမျိုးကြောင့် စေ့ဆော်မှုအဖုံဖုံကြောင့် လိင်ဖျော်ဖြေမှုဈေးကွက်ထဲကို ၀င်ရောက်လာကြတဲ့ အမျိုးသမီးတွေဟာ စက်ဆုပ်ရွံရှာစရာကောင်းပါတယ်ဆိုရင် အဆိုပါအမျိုးသမီးတွေကို ဥပဒေအရ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ငွေညှစ်ခြင်း၊ လိင်အကြမ်းဖက်မှုပြုခြင်းတွေရှိနေတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို ပိုပြီးနိမ့်ကျတဲ့ဖောက်ပြန်မှုတစ်ရပ်အဖြစ် သတ်မှတ်ရလိမ့်မယ်။ ပြည့်တန်ဆာများဟာလည်း လူသားများသာဖြစ်တဲ့အတွက် လူ့အခွင့်အရေးရှုထောင့်အောက်က ကြည့်မြင်ရကြမှာဖြစ်တယ်။

ဆိုလိုရင်းက အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဥပဒေတွေ၊ အကာအကွယ်ပြုမှုတွေ၊ တန်းတူညီမျှရေးတွေ ထုတ်ပြန်ပြဌာန်းနေခြင်းဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွင်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမြင့်တက်လာမှုနဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ် တရားသေယူလို့ မရနိုင်ဘူး။ အခြေခံအကျဆုံးအချက်က အမျိုးသမီးတွေကိုယ်တိုင် လိင်အရတန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးဥပဒေတို့ကို အတွင်းကျကျနားလည်ဖို့နဲ့ ချိုးဖောက်ခံရမှုတွေကို မိမိတို့အခွင့်အရေးဘောင်ထဲက ဆန့်ကျင်တိုက်ပွဲဝင်နိုင်ကြောင်း သိမြင်နိုင်ဖို့သာ ဖြစ်တယ်။ ဒီအတွက်လည်း အစဉ်အလာထုံးတမ်း၊ ယဉ်ကျေးမှု၊ ဘာသာရေး စတာတွေအပြင် အစိုးရအဖွဲ့အစည်းကိုယ်တိုင်ရဲ့ မူဝါဒဆောင်ရွက်ချက်တွေနဲ့ မီဒီယာ၊ အင်စတီကျူးရှင်းတို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလာတာတွေ့ရတယ်။ အနောက်စံနှုန်း၊ အာရပ်စံနှုန်း၊ အာရှစံနှုန်းစတဲ့ မတူညီကွဲပြားတဲ့ ပေတံတွေအလိုက် ကွဲလွဲချက်တွေရှိနေခဲ့ ရှိနေဆဲ ရှိနေဦးမှာဖြစ်ပေမယ့် အခြေခံအကျဆုံးလူ့အခွင့်အရေးလွတ်လပ်မှုတွေဟာ နေရာဒေသမရွေး အကြွင်းမဲ့သဘောဆောင်နေတာကို လက်ခံဖို့လည်း လိုအပ်ပါတယ်။

“(လူ)တစ်ဦးဟာ ‘မိန်းမ’ အဖြစ် မွေးဖွားလာတာမဟုတ်ပါဘူး။ (လူမှုပြဌာန်းချက်နဲ့ သင်ကြားမှုတွေကြောင့်သာ) ‘မိန်းမ’တစ်ဦး ဖြစ်လာခဲ့ရတာဖြစ်တယ်”

က္ကုတ္ထိယ၀ါဒီတစ်ဦးဖြစ်တဲ့ ဆိုင်မွန်ဒီဗူဗွားရဲ့ ထင်ရှားကျော်ကြားတဲ့ အဆိုတစ်ခုပါ။

“သဘာဝအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သာလွန်မြင့်မြတ်နေတာမဟုတ်သလို ဆုတ်ယုတ်နိမ့်ကျသူတွေ ဖြစ်တယ်လို့လည်း ကျွန်မ မယုံကြည်ပါဘူး”

သို့ပေမယ့် ယနေ့တိုင် ကမ္ဘာအမျိုးသမီးထုကြီးရဲ့ ရာခိုင်နှုန်းတစ်ချို့ကတော့ ဒီအချက်ကိုသိမြင်သဘောပေါက်ခြင်း ရှိသေးဟန် မတူပါဘူး။
ပမာဏစူးရှတဲ့အလင်းတိုင်တစ်ခုဖြစ်စေကာမူ မျက်လုံးပိတ်နေကြသူတွေအတွက်က အမှောင်ထုနဲ့ထူးမခြားနားပါ။ အလင်းရောင်ကို ခံစားသိရှိနိုင်ဖို့ မျက်လုံးများကို ဦးစွာပထမ ဖွင့်လိုက်ကြဖို့လည်း လိုအပ်ပါတယ်။      ။

                                                                                                                  --- တည်တံ့(G.B.K) ---

...................................................................................................................................................

(ဒီဇင်ဘာလ လူ့အခွင့်အရေးအထူးထုတ် နွယ်နီမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ "လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှု" ဆောင်းပါးထဲက အခန်းတစ်ချို့ကိုကောက်နှုတ်ပြီး ပြင်ဆင်ဖြည့်စွက်ချက်အနည်းငယ်နဲ့ ဖော်ပြပါတယ်)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...