သာမန် ဖြစ်ရိုးဖြစ်စဉ် ညနေတစ်ခုဖြစ်ပြီး ပလက်ဖေါင်းပေါ်မှာ ဖွင့်ထားသော ကော်ဖီဆိုင်တစ်ဆိုင် တွင်
ကော်ဖီတစ်ခွက်နှင့် စီးကရက်တစ်လိပ်ကို ကျွန်တော် အရသာခံပြီး သောက်နေချိန်ဖြစ်သည်။ ဘာရယ်မသိ အဝေးက တစ်စတစ်စ ကျွန်တော့်အနားကို နီးလာသည် လူတစ်ယောက်။ထိုလူကို မြင်ရသည်မှာ စိတ်ဝင်းစားဖို့ကောင်းသည် လမ်းလျှောက်ပုံက ယိုင်နဲ့ နေသည်။ နီတစ်ကွက် ဖြူတစ်ကွက် မဲတကွက် ဖြစ်နေသော ဆံပင်များက ထိုးထိုးထောင်ထောင်ဖြစ်နေသည်။ မျက်ဝန်းတွေက အတွင်းပိုင်းသို့ ချိုင့်ခွက်ဝင်နေသည်။ သူ့ကို ကြည့်ရသည်မှာ အတော်ပင် ချည့်နဲ့လွန်းသည်။
တဖြည်းဖြည်း ကျွန်တော်ထိုင်နေရာ စားပွဲ အနီးသို့ရောက်ရှိလာပြီးနောက် ကျွန်တော့်ကို အသေအချာကြည့်သည်။
“ကို မှူသစ် မဟုတ်လား ရှာလိုက်ရတာဗျာ”
ပြောပြောဆိုဆိုပင် ခုံပုတစ်လုံးကို ဆွဲယူထိုင်လိုက်သည်။ ပြီးနောက် ကျွန်တော့်ကို ဘာမှ ဆက်မပြော အနီးမှာရှိသောစားပွဲထိုးလေးကို ကော်ဖီတစ်ခွက် လှမ်းမှာသည်။ စားပွဲပေါ်တင်ထားသော စီးကရက်ဗူးထဲက စီးကရက်တစ်လိပ်ကို ယူပြီး ဖွာနေလိုက်သေးသည်။သူမီးခိုးငွေ့တွေ ရှိုက်ထုတ်ပုံက တော်တော်ပူလောင်နေပုံ
ကျွန်တော် သူ့ကို အသေအချာကြည့်နေမိသည်။
သူ့ကို မြင်ဖူးသလိုတော့ ရှိသည် သို့သော် အသေအချာ မမှတ်မိ။ ကျွန်တော်ကြည့်နေတာကို သူသတိထားမိတော့ စကားစလာသည်။
“ကျွန်တော် ကိုမှူးသစ် ကို လိုက်ရှာနေတာ တော်တော်ကြာပြီဗျ တစ်နေ့လုံးပဲ ” သူ့ကို ကျွန်တော် နားမလည်သလိုပင် ကြည့်မိသည်။
“နေပါဦး ခင်များက ဘယ်သူလဲ ကျွန်တော့်ကို ရှာတယ်ဆိုတာ”
ကျွန်တော့်စကားမရပ်ခင် ပင် သူက “ ကျွန်တော် မစ္စတာဇူကာဘတ်ပါ ဖေ့(စ်)ဘုတ်ကို စပြီးထောင်ခဲ့တဲ့သူလေ”
“၀ိုးးးးးးးးးးးးးးးးးးးးးးးး”
ကျွန်တော် တော်တော်လေး အံသြသွားသည်။ မယုံနိုင်လောက်အောင် မျက်လုံးကို ပွတ်ကြည့်မိသည်။
ဖေ့ဘုတ်ကို စတင် တည်ထောင်တဲ့ ကမ္ဘာကျော်သူဌေးကြီးက ကျွန်တော့်ရှေ့ကိုရောက်နေသည်။
သူကျွန်တော့်ကို ဘာလို့ ရှာသလဲ၊ ကျွန်တော်သူ့ကို ဘာတွေ ပြောရမလဲ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေ လည်ကုန်သည်။
သူကတော့ စီးကရက်ကိုသာ အားပါးတရ ဖွာနေသည်။ ကျွန်တော်စကားမစလို့ မဖြစ်တော့
ကျေးဇူးတင်စကားလောက်တော့ စရမှဖြစ်သည်။ ကျွန်တော်တို့တွေ သူ့ဖေ့ဘုတ် ကို နှစ်နှစ်ခြိုက်ခြိုက် သုံးနေရသည်မဟုတ်လား..။
သူကို့ ကျွန်တော့်အားရစွာ နှုတ်ဆက်လိုက်သည်။
“မစ္စတာဇူကာဘတ် အရမ်းလေးစားပါတယ်ဗျာ ဖေ့(စ်)ဘုတ်ကို ထွင်ပေးတာ ကျေးဇူးလည်း အရမ်းတင်ပါတယ်”
သူက ကော်ဖီခွက်ကို ချလိုက်ပြီး ကျွန်တော့်ကို မော့ကြည်သည်။
“အရမ်းလည်းကျေးဇူးမတင်နဲ့ဦးဗျ ကျွန်တော့် ဖေ့ဘုတ်ကို ဖျက်ပစ်တော့မလို့ အဲ့ဒါ ခင်များနဲ့ လာတိုင်ပင်တာ”
“ဟာ!!!!!!!!!!!!!” ကျွန်တော့် စိုးရိမ်သွားသည် သူ ဖေ့(စ်)ဘုတ်ကို ဖျက်တော့မည်ဆိုပါလား မဖြစ်။
ကျွန်တော်သူ့ကို ဖျောင်းဖျပြီး တားမှ ဖြစ်မည်။ ကဗျာတွေ မသိမ်းရသေးတာလဲ အများကြီး
“ခုနေ ဖျက်လိုက်လို့ ဘယ်ဖြစ်မလဲ တော်ကြာ စိတ်တ္တဇ အကျဉ်းထောင်ကို လူတွေ အများကြီး ရောက်ကုန်လိမ့်မယ်”
ကျွန်တော့် အပြောကို သူက မထူးဆန်းသလို ကြည့်ပြီး
“ဒါမထူးဆန်းပါဘူး ကျွန်တော်ကိုယ်တိုင်တောင် စိတ်တ္တဇ ဖြစ်နေတာပဲ ခင်များရော ဖေ့(စ်)ဘုတ်ကြောင့် စိတ်တ္တဇ ဖြစ်မနေဘူးလို့ အာမခံနိုင်လို့လား ”
သူကျွန်တော့်ကိုမေးပုံက အပေါ်စီးဆန်လွန်းသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဇဝေဇ၀ါ မသည်းကွဲသူက ဆက်ပြောသည်။
“ကျွန်တော်ဖေ့ဘုတ်ကို အရမ်းစိတ်ကုန်နေပြီ အဲ့ဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ခင်များနဲ့လာတိုင်ပင်တာ ”
သူက ဖေ့ဘုတ် ဖျက်သင့် မဖျက်သင့် ကျွန်တော်နဲ့ လာတိုင်ပင်သည်ဆိုပါလား။ မဖျက်ပစ်အောင် ဘယ်လိုကာကွယ်ရမလဲ ကျွန်တော် စဉ်စားနေရင်း သူ့ကိုမေးလိုက်သည်။
“ပြောရရင် အများကြီးပဲဗျာ” သူက စီးကရက်ငွေ့တွေ ရှိုက်ထုတ်လိုက်သည်။ ထို့နောက်ဆက်ပြောသည်။
“ခင်များလည်း ဖေ့ဘုတ်ပေါ်မှာ ဖြစ်ပျက်နေတာတွေ တွေ့ရမှာပေါ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေက အစ
လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ နောက်တော့ နိုင်ငံရေး ၀ါဒ ဖြန့် မှုတွေ အများကြီးပဲ ဗျာ
အဲ့ဒါတွေအတွက် ကျွန်တော့်မှာ နေ့စဉ်နဲ့ အမျှ ဖိအားတွေ ဖြစ်နေရတယ်ဗျ ” သူက သက်ပြင်းကို ချလိုက်ရင်း ကျွန်တော့်ကို ကြည့်သည်။
ကျွန်တော်က သူပြောတာကို ထောက်ခံသည်။ သူဆက်ပြောသေးသည်။
“ခင်များတို့ ကဗျာသမားတွေဆိုလည်း ကဗျာမို့လို့ နိုင်ငံရေးသမားတွေကြတော့လည်း နိုင်ငံရေးမို့လို့ ၀ါဒဖြန့် တိုက်ခိုက် ဆဲဆိုနေကြတာ နောက်ဆုံး အပြစ်က ဒီဖေ့ဘုတ်ကို စထွင်လိုက်တဲ့ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ ခံစားနေရတယ် နောက်တော့ ပေါ်ပင်တွေကလည်း များလိုက်တာဗျာ
ထမင်းစားရေသောက် အိမ်သာတက်တောင် စတေးတပ် တွေ တင်နေတဲ့သူတွေက အများကြီး ”
ကျွန်တော့်စိတ်မှာ မလုံမလဲ ဖြစ်သလို ခပ်ရှိန်ရှိန်ဖြစ်သွားသည်။ သူက သတိမထားမိ စကားကို ဆက်သည်။
“ခင်များသိလား ကျွန်တော် အိပ်မပျှော်တာ ရက်ပေါင်းမနည်းတော့ဘူးးး ”
“ဘာဖြစ်လို့လည်းဗျ” ကျွန်တော်စိတ်ဝင်တစား မေးမိသည်။
“ကျွန်တော့် ရှိကို နေ့စဉ်နဲ့အမျှ စာတွေ ၀င်နေတာ မနည်းဘူးဗျ ဒီဖေ့ဘုတ်နဲ့ ပတ်သက်ပြီး ၀င်တဲ့စာတွေပေါ့
ဖေ့ဘုတ်ကြောင့် ဘာတွေ ဖြစ်နေပြီ ညာတွေ ဖြစ်နေပြီ နောက်ဆုံး သတင်းအမှားတွေ ၀ါဒဖြန့်မှုတွေ ကြောင့်
ကမ္ဘာစစ်ကြီး ဖြစ်တော့မယ် ဆိုတဲ့ အထိပဲ ကျွန်တော့်မှာ ဖိအားတွေ အပေးခံ နေရတယ် ”
သူစကားပြောရင်းမောလာတော့ ရေနွေးကြမ်းသောက်ဖို့ ပြင်သည်။ ကျွန်တော် အလိုက်သင့်ပင် ငှဲ့ပေးလိုက်သည်။
သူ့စကားတွေ ကို ကျွန်တော် တော်တော် စိတ်ဝင်းစားမိနေသည်။
သူက ရေးနွေးကြမ်းသောက်ပြီး စကားကို ဆက်သည် “ ခင်များတို့ မြန်မာနိုင်ငံကတစ်ချို့လူတွေ အပြင်မှာ အေးချမ်းသလို ရှိပေမယ့်
ဖေ့(စ်)ဘုတ်ပေါ်မှာတော့ တော်တော် ပူလောင်ကြတယ်နော်ဗျ ပေါ်ပင်တွေလည်း သိပ်ကြိုက်ပုံပဲ
ဒီထက်ဆိုးတာက လူတစ်ယောက်ကိုအကောင့်တွေ အများကြီး ဖွင့်ပြီး လိမ်နေကြတာပဲ
အဲ့ကိစ္စတွေလည်း ကျွန်တော့်ရှိဝင်တဲ့ စာတွေထဲမှာပါတယ် ”
သူက ကျွန်တော့်ကို ကြည့်ရင်း ဆက်ပြောသည်။
“တစ်ခုတော့ ကျွန်တော် ချီးကျူးတယ်ဗျာ ခင်များတို့ရှိမှာ နိုင်ငံရေးသူရဲကောင်းတွေ သိပ်ပေါတယ်
အဲ့ဒါတော့ ချီးကျူးစရာပဲ ဒီပုံဆို ခင်များတို့မကြာခင်အချိန်မှာပဲ ဒီမိုကရေစီ နိုင်ငံကြီးတစ်ခု ဖြစ်လာမှာပဲ”
“ဗျာ!!!!!!! နိုင်ငံရေး သူရဲကောင်း ”
ကျွန်တော် တအံတသြ ဖြစ်သွားသည်။ ချက်ခြင်းသူ့ကို ပြန်မေးမိသည်။
“ခင်များက ဘယ်လိုသိတာလဲ ဘာကိုကြည့်ပြီးပြောတာလဲဗျ”
သူကမဆိုင်းမတွ ပြန်ဖြေသည်။ “အော်ဗျာ ဖေ့(စ်)ဘုတ်ပေါ်မှာ တွေ့နေရတာပဲ”
သူ့အပြောကို ကျွန်တော် ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ သူပြောသလိုလဲ ဖြစ်နိုင်ပါသည်။
သူက ဆက်ပြောသည်။ “အဲ့ဒါတွေက ထားပါ ကျွန်တော် အဓိက အကြောင်းအရင်းက ဒီဖေ့(စ်)ဘုတ်ကို ဖျက်သင့် မဖျက်သင့် ခင်များနဲ့ လာဆွေးနွေးတာ ”
“ကျွန်တော် ဘယ်လို ပြောရမလဲ ကျန်တော်ကိုယ်တိုင်က မဖျက်စေချင်ဘူး ဒါပေမယ့်
ခင်များမှာလဲ ဖိအားတွေ ရင်ဆိုင်နေရတယ်ဆိုတော့….” ကျွန်တော်က စကားကို မဆက်ပဲ ရပ်လိုက်သည်။
“ဒါပေမယ့် တစ်ခုတော့ ခင်များ စဉ်းစားသင့်တယ် တစ်ဖက်က လှည့်တွေးရင်ပေါ့ ဖေ့ဘုတ်ကြောင့် ကောင်းတာတွေ အများကြီးရှိတယ်လေ
လူငယ်တွေ အပေါင်းသင်းတွေ ကျယ်ပျံလာတယ် ၀ါသနာတူရာတွေ စုပြီး လူမှုရေးအဖွဲ့လေး လုပ်ကိုင်လာကြတာ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေ ဖြန့်ဝေကြတာ စာပေအကြောင်းတွေ ဆွေးနွေးကြတာ အဲ့လို ကောင်းတာတွေလည်း အများကြီးရှိတာပဲ
ကောင်းတာဆိုးတာတွေက ရှိနေမှာပဲလေ” ကျွန်တော် သူ့ကို တတ်နိုင်သမျှ ပြောပြကြည့်သည်။
သူက ခေါင်းကိုတစတ်စတ် ငြိမ့်ရင်းပြောသည်။
“ကျွန်တော်အဲ့ဒါတွေ သိပါတယ် အဲ့ဒါတွေအတွက် ရည်ရွယ်ပြီးတော့လဲ ဒီဖေ့ဘုတ်ကို စခဲ့တာပေါ့..ဒါပေမယ့်ဗျာ ခုက”သူကစကားကိုမဆက်သေးပဲ သက်ပြင်းအရှည်ကြီး ချလိုက်သေးသည်။
“ခုန ပြောတဲ့ ဖိအားတွေ ထက် ကျွန်တော့်မှာ ပိုဆိုးတဲ့ ဖိအားတစ်ခု ရနေတာ ရှိတယ်ဗျ ”
သူ့စကားကြောင့် ကျွန်တော် စိတ်ဝင်စားမှု မြင့်တက်သွားသည်။
သူက ဆက်ပြောသည်“လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်တော်ဆီကို ပစ်စာတစ်ဆောင်ရောက်လာတယ်ဗျ အဲ့ဒီစာထဲမှာ ”သူက ပြောပြောဆိုဆိုပင် သူ့ အိတ်ကပ်ထဲ က ခပ်နွမ်းနွမ်းစာတစ်ဆောင်ကို ထုတ်လိုက်သည်။
ပြီးနောက် “ကျွန်တော် ပြောပြရင် ခင်များ သိပ်နားမလည်ဖြစ်လိမ့်မယ် ခင်များကိုယ်တိုင်ပဲ ဖတ်ကြည့်ပါ”
ဟုဆိုပြီး စာအနွမ်းလေးကို ကျွန်တော်ထံလှမ်းပေးလိုက်သည်။
စာရွက်က အခေါက်ခေါက် အခါခါ ဖွင့်ဖတ်ထားပုံပင် ခေါက်ရာတွေနှင့် တွန့်ကြေနေသည်။ ကျွန်တော် စာရွက်လေးကို အသာယာဖွင့်ပြီး ဖတ်လိုက်သည်။
………………………………………………………………………………………………………………….
………………………………………………………………………………………………………………………..
“ဟူးးးးးးးးးးး !!!!!!!!!!!!!! …..”
ကျွန်တော့် စိတ်တွေ ဖမ်းလို့မမိတော့ ကျွန်တော့် အတွေးတွေ ပျာယာခတ်ကုန်သည်။ ခန္ဒကိုယ်တစ်ခုလုံး တဇတ်ဇတ် တုံရီလာပြီး ဖျော့ကျသွားသည်။
“ခင်များ !!! ခင်များ ဘာလို့ ဒီစာကို ကျွန်တော့်ကို ပေးဖတ်တာလဲ ” သူက ကျွန်တော့်အမေးကို မဖြေ ကျွန်တော့်ကို ပြုံးပြီးသာ စိုက်ကြည့်နေသည်။
ကျွန်တော်အလောတကြီး ထပ်မေးမိသည်
“ပြောလေ ဒီစာကို ဘာသဘောနဲ့ ကျွန်တော့်ကို ပေးဖတ်တာလဲ ခင်များ ဘယ်သူတွေကို ပေးဖတ်ပြီးပြီလဲ ”
သူက အေးတိအေးစက်နိုင်သော အပြုံးဖြင့်သာ ကျွန်တော့်ကို ကြည့်နေသည်။
ကျွန်တော်စိတ်မရှည်တော့ သူ့ င်္အကျီ လည်ကုပ်စ ကို ဆွဲကိုင်ပြီး ထပ်မေးသည်။
သူက ခပ်အေးအေးလေ ပြန်ဖြေသည်။
“စိတ်မပူပါနဲ့ ခင်များ တစ်ယောက်ထည်း ဖတ်ရသေးတာပါ”
ကျွန်တော့် တို့ နှစ်ဦးကြား ခတ္တငြိမ်သက်သွားသည်။
……………………………………………………………………………………………………..
…………………………………………………………………………………………………..
“ဒေါက်!! ဒေါက်!! ဒေါက်!!.... ..” လမ်းလျှောက်သံတစ်ခုက ကျွန်တော့်တို့အနားကို ရောက်လာသည် ။
“ဟို နှစ်ယောက် ဆေးမသောက်ပဲ ဘာလုပ်နေတာလဲ.. ဆေးသောက် ချိန်ရောက်ပြီ ပြီးရင် တစ်ခါထည်းအိပ်တော့
စကားလုံးဝမပြောရတော့ဘူး ဆရာဝန်ကြီး လှည့်လာလိမ့်မယ်”
အသံတစ်ခုက နားထဲကို ခါးသက်စွာ ၀င်ရောက်လာသည်။
ခပ်မှိန်မှိန် အလင်းရောင်အောက်မှာ ဇူကာဘတ်ကို လှမ်းကြည့်မိလိုက်သည်။
သူက လက်ညှိုးကို ပါးစပ်ထဲ ထည့်ပြီး စီးကရက်ကို ဖွာသလို ဖွာနေသည် ခပ်ပြုံးပြုံးပင်
..........................................................................
ကျွန်တော် မျက်လုံးအစုံကို မှိတ်ချက်လိုက်မိသည်။
( အရေးအသားများ လိုအပ်ချက်ရှိနေနိုင်ပါသည်.)
မှူးသစ်
oct,16 ,2012 PM 11: 48

No comments:
Post a Comment